Search This Blog

Loading...

Monday, May 28, 2012

ဘီယူဂျီ ဘတ်ဂ် ရှာဖွေသတ်

ဘတ်ဂ် (Bug) ဆိုတာ အင်္ဂလိပ်စာမှာ ပိုးကောင်ကို ခေါ်တာ ဖြစ်ပေမယ့် ကွန်ပျူတာ ဆော့ဖ်ဝဲလ်ထဲမှာ ဖြစ်တဲ့အမှားကိုလည်း ဘတ်ဂ်လို့ ခေါ်တာမှန်း သိကြမှာပါ။ ပိုးကောင်နဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ဖြစ်တဲ့ အမှား ဘယ်လို ဆက်စပ်နေသလဲ ဆိုတဲ့ ဇာတ်လမ်းကိုတော့ ပရိုဂရမ်မာ တော်တော်များများ ကြားဖူးကြပါ လိမ့်မယ်။ ၁၉၄၇ ခုနှစ်က ဟားဗတ် တက္ကသိုလ်က မာ့ခ်တူး ဆိုတဲ့ ကွန်ပျူတာ တစ်လုံး ရုတ်တရက် ရပ်သွားပါတယ်။ အဲဒီတုန်းက အခုခေတ်လို အီလက်ထရွန်းနစ် ကွန်ပျူတာတွေ မပေါ်သေးပါဘူး။ စက်မှုအစိတ်အပိုင်းတွေကို လျှပ်စစ်နဲ့ မောင်းတဲ့ ကွန်ပျူတာ မျိုးပါ။ ကွန်ပျူတာ ရပ်သွားရတဲ့ အကြောင်းကို ရှာတော့ စက်ပစ္စည်းတွေကို ထိန်းချုပ်တဲ့ လျှပ်စစ် ရီလေး ခလုတ် တစ်ခုထဲမှာ ဘောက်ဖတ်တစ်ကောင် ညပ်နေတာကို သွားတွေ့ရပါတယ်။ အဲဒီ ဘောက်ဖတ်ကြောင့် ရီလေး အလုပ်မလုပ်တော့ပဲ ကွန်ပျူတာပါ ရပ်သွားခဲ့ရတာပါ။ အဲဒီအချိန်က စပြီး ကွန်ပျူတာမှာ အမှားဖြစ်ရင် ဘတ်ဂ် (ပိုးကောင်) တွေ့တယ်လို့ ဆိုကြပါတယ် လို့ ရာဇဝင် ရှိပါတယ်။

အမေရိကန်က ထုတ်တဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်ပျံကို ဆော့ဖ်ဝဲလ် Simulator နဲ့ စမ်းသပ် မောင်းနှင်တဲ့ အချိန်တုန်းက တော်တော် ကြီးကြီးမားမား ဘတ်ဂ် တစ်ခုကို တွေ့ရတယ်လို့ ဆိုပါတယ်။ ပုံမှန် အနေနဲ့ အက်ဖ်-၁၆ အတွက် ကျွမ်းပစ်တယ် ဆိုတာ အသေးအဖွဲ ကိစ္စပါ။ ဒါပေမယ့် ဆော့ဖ်ဝဲလ် အမှားကြောင့် အီကွေတာပေါ် မောင်းနှင်တဲ့ အချိန် ကမ္ဘာမြေဆွဲအား ရုတ်တရက် မြင့်သွားတာကြောင့် လေယာဉ်ပျံက ဆော့ဖ်ဝဲလ်ထဲမှာ သူ့ဘာသာသူ ကျွမ်း ထပစ် ပါတယ်။ ဆင်မျူလေတာ ထဲမှာတော့ ပိုင်းလော့ သေမယ့် အနေအထားကို ပြပါတယ်။  နောက်ပြီးတော့ အက်ဖ်-၁၆ ကို စမ်းသပ်မောင်းနှင်နေတဲ့ အချိန် ပိုင်းလော့ တစ်ယောက်က ပြေးလမ်းပေါ် ရပ်ထားတုန်း လေယာဉ်ပျံ ဘီးကို ဆွဲတင် ကြည့်ပါတယ်။ ဘာဖြစ်သွားတယ် ထင်ပါသလဲ။ အက်ဖ်-၁၆ တစ်စင်း ဒန်အိုးဒန်ခွက် ဝယ်တဲ့ ကုလားဆီ ရောက်သွားပါတယ်။

ပရိုဂရမ်မာ အတွက်အချက် မှားလို့ အမေရိကန် တစ်နိုင်ငံလုံး မျိုးကန်းတော့ မလို ဖြစ်တဲ့ကိစ္စမျိုး ရှိဖူးတယ်လို့ ကြားဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်ကြားမှာ စစ်အေး တိုက်ပွဲ ဆိုတဲ့ စစ်မတိုက်ပဲ တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်နေတဲ့ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ခဲ့ကြတာ သိကြမှာပါ။ အဲဒီ အချိန်က အမေရိကန်မှာရော ဆိုဗီယက်မှာပါ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လှမ်းပစ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ ပေါ်မှာ နျူးကလီးယား ထိပ်ဖူးတွေ တပ်ပြီး ချိန်ထားကြပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက် အချိန်မရွေး နျူးကလီးယား ဒုံးကျည်နဲ့ တစ်ဖက်နဲ့ တစ်ဖက် ပစ်နိုင်တဲ့ အနေအထားပါ။ ၁၉၈၃ မှာတော့ ဆိုဗီယက်က လွှတ်တင်ထားတဲ့ စောင့်ကြည့်ရေး ဂြိုဟ်တု တစ်ခုက တိမ်တိုက်တွေ အပေါ်မှာ နေရောင်ခြည် အလင်းပြန်တာကို အမေရိကန်က ဒုံးကျည် လွှတ်လိုက်တာ အဖြစ် အဓိပ္ပာယ် ပြန်လိုက် ပါတယ်။ အမေရိကန်က ဒုံးကျည် ၅ စင်း ပစ်လိုက်ပြီ ဆိုတဲ့ သတိပေးချက် ထွက်လာ တာကြောင့် အမေရိကန် ဒုံးကျည် ဆိုဗီယက်ကို မရောက်ခင် ဆိုဗီယက်ကနေ ပြန်ပြီးတော့ ဆော်ဖို့ ကြံပါတယ်။ ဒါပေမယ့် အဲဒီစနစ်ကို စောင့်ကြည့်နေတဲ့ ဗိုလ်မှူးကြီး တစ်ယောက်ကနေ အချိန်မီ ဆော့ဖ်ဝဲလ်အမှား အဖြစ် တားဆီးလိုက်နိုင်တဲ့ အတွက် အမေရိကန် နိုင်ငံကို ဆိုဗီယက်ကနေ နျူးကလီးယား ဒုံးကျည်နဲ့ အပစ်ခံရမယ့် အရေးကနေ သီသီကလေး လွတ်သွားပါတယ်။ အဲဒီဗိုလ်မှူးကြီးရဲ့ အပြောကတော့ အမေရိကန်ကသာ ဆိုဗီယက်ကို တကယ် ပစ်ချင်တယ် ဆိုရင် ဒုံးကျည် ၅ စင်းထဲတော့ ဘယ်ပစ်လိမ့်မလဲ လို့ ဆိုပါတယ်။

ကျောင်းတွေမှာ ပရိုဂရမ် ရေးတာ သင်ပေးတော့ ဘယ်လို စဉ်းစားရမယ် ဆိုတာသာ သင်ပေးပြီးတော့ ဒီဘတ်ဂ် (Debug) လို့ခေါ်တဲ့ ဘတ်ဂ်ကို ဘယ်လို ရှာရမယ် ဆိုတာ သင်မပေးကြပါဘူး။ တကယ်တော့ ဘတ်ဂ်ရှာတယ် ဆိုတာလည်း အတတ်ပညာ တစ်မျိုးပါပဲ။ ဘတ်ဂ်ရှာခြင်း အနုပညာဆိုပြီး စာအုပ်တစ်အုပ်တောင် ရေးလို့ ရလောက်ပါတယ်။ ဘယ်ပရိုဂရမ်မာမှ ဘတ်ဂ်များကင်းစင် ဆော့ဖ်ဝဲလ်တစ်ခွင် ဆိုပြီး ဘတ်ဂ်မရှိတဲ့ ပရိုဂရမ် မရေးတတ်ပါဘူး။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား ဆိုသလို ဘတ်ဂ်မရှိအောင် ရေးတတ်တဲ့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာလည်း မရှိပါဘူး။ စဉ်းစားတဲ့ အချိန် မှားသွားတာ ရှိတတ်သလို၊ သတိမမူမိတဲ့ တစ်နေရာမှာ အမှားဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ဆော့ဖ်ဝဲလ်ကို တခြား ဆော့ဖ်ဝဲလ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေး လုပ်တဲ့ အချိန် တူတာတွေ တွဲလုပ် မတူတာတွေ ခွဲလုပ်လို့ မရဘဲ မတူတာတွေက ဒုက္ခပေးတာ မျိုးလည်း ရှိတတ် ပါတယ်။

ကွန်ပျူတာ သုံးတဲ့သူတိုင်း ရီပို့ လုပ်လိုက်ရမလား။ မိုက်ခရိုဆော့ဖ်ကို ရီပို့ လုပ်လိုက်ရမလား ဆိုတဲ့ စခရင်ကို မမြင်ဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ကွန်ပျူတာ ကြည့်နေရင်း ဘာဖြစ်သွားမှန်း မသိတဲ့ စခရင်အပြာကြီးကိုလည်း မြင်ဖူးကြပါလိမ့်မယ်။ အရင်တုန်းက အလုပ်အတူ လုပ်ဖူးတဲ့ အင်ဂျင်နီယာ တစ်ယောက် ကတော့ သူ့ကို ကပ်စတန်မာက ဘတ်ဂ်မရှိတဲ့ ဆော့ဖ်ဝဲလ်လိုချင်တယ် ပြောလို့ အဲဒါဆို ဝင်းဒိုးလည်း သုံးမနေနဲ့လို့ ပြန်ငေါ့တာကို မှတ်မိပါ သေးတယ်။ ဝင်းဒိုးဆော့ဖ်ဝဲလ်လောက် ဘတ်ဂ်များတာ ဝင်းဒိုး ပဲ ရှိပါတယ်။ သို့ပေမယ့်လည်း မချစ်သော်လည်း အောင့်ကာနမ်း ဝင်းဒိုးမသုံးဘဲ လင်းနပ်စ် အက်ပဲလ်ပဲ သုံးရင် အင်တာပရိုက်စ်လောကမှာ လုပ်စားဖို့ မလွယ်တာကြောင့် ဝင်းဒိုးနဲ့တော့ ကင်းကွာလို့ မဖြစ်ပါဘူး။ 

တကယ်တမ်းတော့ ပရိုဂရမ် ရေးရတာ သိပ်ခက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ကွာလတီ ရှိတဲ့ ဆော့ဖ်ဝဲလ်ကို ရေးနိုင်ဖို့ ခက်တာပါ။ ကိုယ်ရေးထားတာ ဘယ်သူမှ နားမလည်၊ ဘယ်သူမှ ပြင်မရ၊ ကိုယ်တောင်မှ နောက်တစ်နှစ် လောက်နေ ပြန်ဖတ်ရင် ဘာတွေ ရေးထားမှန်း မသိဖြစ်နေမယ့် ပရိုဂရမ်မျိုး ရေးတတ်တဲ့ သူတွေလည်း ရှိပါတယ်။ အရှိန်ကို တစ်နာရီ မှာသွားတဲ့ မိုင်နှုန်း (miles per hour)နဲ့တိုင်း သလို  ဆော့ဖ်ဝဲလ် ကုတ်ဒ်ရဲ့ ကွာလတီကို WTF per minute နဲ့ တိုင်းတယ်လို့ ဆိုကြပါတယ်။ ဆော့ဖ်ဝဲလ်ထဲမှာ ရေးထားတဲ့ ကုတ်ဒ်ကို တစ်ခြား တစ်စုံတစ်ယောက်က ဖတ်မိရင် ပါးစပ်ကနေ တစ်မိနစ်ကို What the Fxxx ဘယ်နှစ်ခါ ရွတ်ရသလဲ ဆိုတဲ့ အတိုင်းအတာပါ။ ကုတ်ဒ်က ရှုပ်ပွနေလေ WTF များများ ရွတ်ရလေ ပါပဲ။ ဘတ်ဂ်ရှာတဲ့ အချိန် WTF/min မြင့်တဲ့ ဆော့ဖ်ဝဲလ်မျိုးနဲ့ တွေ့ရင်တော့ အတော် အကုသိုလ် များပါတယ်။  ဘတ်ဂ်မရှိတဲ့ ဆော့ဖ်ဝဲလ် ရေးဖို့ မဖြစ်နိုင်ပေမယ့် ဘတ်ဂ်ရှာဖို့ လွယ်တဲ့ ဆော့ဖ်ဝဲလ် တော့ ရေးဖို့ ဖြစ်နိုင်ပါသေးတယ်။

တစ်နေ့တစ်နေ့ ဘတ်ဂ်တွေ မွေးလိုက်၊ ဘတ်ဂ်တွေ သတ်လိုက်နဲ့ လုံးလည်ချာလည် လိုက်နေတဲ့ ပရိုဂရမ်မာ ဘဝမှာ အခု ဘလော့ခ်ပို့စ်ကလေး ရေးတာတောင် ဖိုင်းယားဖောက်စ်က ဘတ်ဂ်တက်ပြီး ကိုယ်ရေးနေတဲ့ပို့စ် တစ်ပိုင်းတစ်စ ပျောက်သွားတာကြောင့် ဩော်ဘတ်ဂ်ရယ်။ ဘတ်ဂ်နိုင်လွန်းတယ်လို့ပဲ ညည်းလိုက်ချင် ပါတော့တယ်။

Sunday, May 27, 2012

အပျောက်အရှ

ဒီနေ့တော့ အကြောင်းတိုက်ဆိုင်လို့ အရင်ကုမ္ပဏီမှာ အတူ လုပ်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အကြောင်းကို သတိရ သွားမိပါတယ်။ အဲဒီတုန်းက သူ့ကို ကြည့်လိုက်ရင် ဝပ်ရှော့ထဲမှာ အကြမ်းဝတ်တဲ့ ကုတ်အင်္ကျီဝတ်ပြီး စက်တွေဆင်နေတာ၊ စက်တွေ စမ်းနေတာ အမြဲတွေ့ရတော့ ကျွန်တော်တို့နဲ့ အဆင့်တူ လက်ထောက်အင်ဂျင်နီယာ တစ်ယောက်လို့ပဲ ထင်မိပါတယ်။ တစ်နေ့မှာ အမှတ်မထင် ကျွန်တော်တို့ ဌာနရဲ့ ဖွဲ့စည်းပုံကို ကြည့်မိတော့မှပဲ အံ့ဩစရာ ကောင်းစွာနဲ့ သူဟာ လက်ထောက်အင်ဂျင်နီယာ တစ်ယောက်မဟုတ်ဘဲ ဌာနခွဲမှူး (Section Head) တစ်ယောက်ဆိုတာ သိလိုက်ရပါတယ်။

နောက်မှ စကားစပ်မိလို့ သူ့အကြောင်း လုပ်ဖော်ကိုင်ဖက်တွေ ဆီကနေ ပြန်ကြားရပါတယ်။ သူဟာ ကျွန်တော်တို့လို အရင်က တစ်ချိန်လုံး ခရီးသွားနေရတဲ့ ဆားဗစ် အင်ဂျင်နီယာ တစ်ယောက်ပါ။ ဆားဗစ်အင်ဂျင်နီယာ ထဲမှာမှ အတော် ကျွမ်းကျင်လွန်းလို့  စီနီယာ အင်ဂျင်နီယာ အဆင့် ရထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတော့ သူ မက္ကဆီကိုမှာ စက်သွားဆင်ရင်း ပတ်စ်ပို့ ပျောက်သွားပါတယ်။ အဲဒီလို ပတ်စ်ပို့ ပျောက်သွားတဲ့ အတွက် သူ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရသလဲတော့ မပြောတတ်ပါဘူး။ နောက်ဆိုရင် ဘယ်ကိုမှ ခရီး မသွားတော့ဘူး ဆိုပြီး ခရီးသွားဖို့ လုံးဝ စိတ်နာသွားတဲ့ အထိပါပဲ။ ဘောစိက လက်မလွတ်ချင်တာနဲ့ ခရီးမထွက်ပါနဲ့တော့။ ထုတ်လုပ်ရေး ဘက်မှာပဲ ကြီးကြပ်ပါတော့ ဆိုပြီး သူ့ကို ဌာနခွဲမှူး ရာထူး ပေးထားတာပါ။

ခရီးသွားရင်း ပျောက်တယ် ရှတယ် ဆိုတာ နမော်နမဲ့ နိုင်လွန်းလို့ ဆိုပြီး ပြောမရပါဘူး။ ကျွန်တော့်လောက် တစ်ချိန်လုံး အိတ်ကပ်စမ်း၊ ပတ်စ်ပို့ ကို အမြဲထုတ်စစ်နေတဲ့သူတောင်မှ ပတ်စ်ပို့ တစ်ခါ ပျောက်ဖူးပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ အဲဒီနေ့က ကျွန်တော် မလေးရှားက မလက်ကာကို အလုပ်ကိစ္စနဲ့ သွားပါတယ်။ စင်ကာပူ တစ်ဖက်ကမ်း ဂျဟိုးကနေ ကားစီးပြီး သွားတာပါ။ ပတ်စ်ပို့ကိုတော့ ထုံးစံ အတိုင်း လက်ပ်တော့ ဘေးအိတ်ထဲ ထည့်ထားပါတယ်။ ဒါပေမယ့်လည်း ကားပေါ်ရောက်တော့ အိတ်ကို စင်ပေါ် တင်ထားရတာနဲ့ ပတ်စ်ပို့ကို ကိုယ်နဲ့ မကွာ ထားချင်လို့ အိတ်ထဲက ထုတ်ပြီး အင်္ကျီ အိတ်ကပ်ထဲ ထည့်ထားလိုက်ပါတယ်။ ကားပေါ်မှာ စကားပြောရင်း အိပ်ပျော်သွား ပါတယ်။ မလက်ကာ ရောက်တော့ ကားဂိတ်မှာ တွိုင်းလက် ခဏဝင်ပြီး စက်ရုံကို ခရီးဆက်ခဲ့ပါတယ်။ စက်ရုံရောက်မှ လုံခြုံရေးကို ပြဖို့ အိတ်ထဲမှာ ပတ်စ်ပို့ နှိုက်ကြည့်တော့ မရှိတော့ပါဘူး။ ကျွန်တော့် ခေါင်းထဲမှာ အမှတ်ရ နေတာက ကားဂိတ်မှာ တွိုင်းလက် ဝင်တော့ အိတ်ထဲမှာ ဘာမှ မရှိတော့ဘူး ဆိုတာ ပါပဲ။ အဲဒါနဲ့ တက္ကစီဌားပြီး ကားဂိတ်ကို ပြန်ပြေးရပါတယ်။ ကားဂိတ်ရောက်တော့ ကျွန်တော်တို့ ဂျဟိုးကနေ စီးလာတဲ့ကားက ပြန်မထွက်သေးပါဘူး။ ကားပေါ်မှာလည်း လူတစ်ယောက်မှ မရှိ ကားသမားလည်း မရှိပါဘူး။ အဲဒါနဲ့ ကျွန်တော်တို့ အဲဒီဘေးမှာ ကားသမားကို နာရီဝက် နီးပါးလောက် ရပ်စောင့်နေရပါတယ်။

အဲဒီ နာရီဝက်မှာ ဘယ်လို ခံစားရသလဲ မေးရင် အတော် မြိန်တယ်လို့ ပြောရမှာပါပဲ။ မလေးရှားမှာ ပတ်စ်ပို့ပျောက်ရင် စင်ကာပူ ပီအာရ်ကတ်ဒ်နဲ့ မလေးရှားက ထွက်လို့ ရမရ မသိ၊ စင်ကာပူ ပြန်ဝင်လို့ ရမလား မရမလား မသိ အတော် ခေါင်းပူနေပါတယ်။ ထူပူနေတယ်ဆိုတာ အဲဒါမျိုးပြောတာ ဖြစ်ပါလိမ့်မယ်။ နာရီဝက်လောက်နေတော့ ကားသမား ရောက်လာပါတယ်။ သူ့ကို အကျိုးအကြောင်း ပြောပြတော့ ကားပေါ်တက်ရှာဖို့ တံခါး ဖွင့်ပေးပါတယ်။ ခုံဘေးမှာ၊ ခုံအောက်မှာ ကျနေသလား ကြည့်ပေမယ့် နီနီရဲရဲ ပတ်စ်ပို့ ကလေးကို အစအနတောင် ရှာမရ ပါဘူး။ ၅ မိနစ်လောက် ပြူးပြဲကြည့်ပြီး သွားပါပြီလို့ စိတ်လျော့လိုက်ပါတယ်။

ဖြစ်သမျှအကျိုး အဆိုးချည်းပဲ လို့ စိတ်ဒုံးဒုံးချရင်း ကားပေါ်က ပြန်ဆင်းခါနီးမှာတော့ အတူ လိုက်လာတဲ့ ကပ်စတန်မာ အဖိုးကြီးက ကျွန်တော်နဲ့ သူ ထိုင်တဲ့ ထိုင်ခုံ နှစ်ခုံကြားမှာ ညပ်နေတဲ့ ပတ်စ်ပို့ ကလေးကို ရှာတွေ့သွားပါတယ်။ လုတော့ မသိဘူး ဝတော့ အားကီး ဝမ်းသာသွားပါတယ်။ ရင်ဘတ်ထဲက အလုံးကြီးလည်း အဲဒီ အချိန်ကျမှ ကျသွားပါတော့တယ်။ မှတ်မှတ်ရရ အဖြစ်အပျက်ပါပဲ။

ကျွန်တော့် မိတ်ဆွေ တစ်ယောက်တော့ စင်ကာပူမှာ ခဏလာရင်း မလေးရှား တစ်ဖက်ကမ်းကူးပြီး  ဂျဟိုးဘာရူးမြို့ကို အလည်သွားတာ ဂျဟိုးမှာ အိတ်အခိုး ခံရလို့ ပတ်စ်ပို့ပါ ပါသွားပြီး ဒုက္ခ အကြီးအကျယ် ရောက်ဖူးပါတယ်။ ဂျဟိုးကနေ ကေအယ်လ် အထိသွား၊ ကေအယ်လ်က မြန်မာသံရုံးမှာ ပတ်စ်ပို့ ပြန်လျှောက်နဲ့ ဂျဟိုး တစ်ညနေ သွားရာကနေ မလေးရှားမှာ တစ်လလောက် သောင်တင်ခဲ့ဖူးပါတယ်။

ခရီးသွားရင် ပျောက်တာရှတာ ဘယ်လောက်ပဲ ဂရုစိုက်ပေမယ့် ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်း သွားတဲ့ အချိန် ပိုက်ဆံအိတ်ပျောက်ရင်လည်း အကြီးအကျယ် ကွိုင်တတ် နိုင်သလို ဓားပြ တိုက်ခံရလို့ ပိုက်ဆံအိတ် ပါသွားရင်လည်း အကြီးအကျယ် ကွိုင်ပါပဲ။ အဲဒါကြောင့် ခရီးသွားတိုင်း ပိုက်ဆံနဲ့ ခရက်ဒစ်ကတ်ကို အနည်းဆုံး နှစ်နေရာ ခွဲပြီး ထည့်ထားပါတယ်။ မတော်တဆ ကျပျောက်ရင် ဖြစ်ဖြစ်၊ ဓားပြ တိုက်ခံရရင် ဖြစ်ဖြစ် ဆက်ပြီး လှုပ်ရှားလို့ ရအောင် လို့ပါ။

အကြောင်းတိုက်ဆိုင်လို့ ဒီအကြောင်းကို ရေးဖြစ်တယ် ဆိုတာတော့ ဒီကနေ့ သွားရင်း လာရင်း ခရက်ဒစ်ကတ် ကျပျောက် သွားလို့ပါ။ ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ ခရက်ဒစ်ကတ်ဒ်တွေ ၂ နေရာ ခွဲထည့်လိုက်တော့ အိတ်ချောင်သွားတာမို့ ဆွဲထုတ်တဲ့ အချိန် ချောင်ပြီး ကျသွားတယ် ထင်ပါတယ်။ ဟိုတယ် ပြန်ရောက်လို့ ပိုက်ဆံအိတ် ဖွင့်တဲ့ အချိန်မှ ကတ်ဒ်ပျောက်သွားမှန်း သတိရပါတယ်။ စင်ကာပူကို ဖုန်းဆက် ခရက်ဒစ်ကတ်ဒ် လှမ်းပိတ်တာ ဖုန်းဖိုးတော့ ထွက်သွားပါတယ်။ တစ်ကတ်ဒ်တည်း ပျောက်သွားလို့ တော်ပါသေးတယ်။

ဘလော့ခ်ဖတ်လာ မိတ်သဟာ များလည်း ခရီးသွားရင်း ပတ်စ်ပို့တွေ၊ ပိုက်ဆံအိတ်တွေ၊ ခရက်ဒစ်ကတ်ဒ်တွေကို ပိုပိုမိုမို ဂရုစိုက်နိုင်အောင် သတိတရနဲ့ ပို့စ်ရေး တင်လိုက်ပါတယ်။

Friday, May 25, 2012

ရှန်ဟိုင်း နေ့စွဲများ (၁)

အလုပ်ကိစ္စနဲ့ ဝေးဝေးလံလံ ခရီးမသွားဖြစ်တာ အတော်ကြာပါပြီ ။ ကုမ္ပဏီမှာလည်း အုန်းပင်တက် လက်မှတ်ရပြီး အင်ဂျင်နီယာ လုပ်နေရာကနေ အိုင်တီဌာနကို ရောက်နေတာ တစ်နှစ်ခွဲလောက် ရှိပြီမို့ ခရီးသွားဖို့ အတော် အလှမ်းဝေးနေပါတယ်။ အခုတလောတော့ ကုမ္ပဏီမှာ အလုပ်အရမ်းများနေလို့ အိုင်တီ ပရိုဂရမ်မာ အနေနဲ့ ထိုင်ခုံမှာ ကျောက်ချထိုင် နေရာကနေ အင်ဂျင်နီယာ တလှည့်ပြန်ဖြစ်ပြီး ခရီးထွက်ရမယ့် စခန်းကို ပြန်ရောက် လာပါတယ်။ ဒီတစ်ခါတော့ အရှေ့တိုင်းရဲ့ ပါရီမြို့ လို့ တင်စားခေါ်ဝေါ်ကြတဲ့ တရုတ်ပြည် အရှေ့ဘက်ခြမ်းက ရှန်ဟိုင်း မြို့တော်ပါ။

ခရီးမသွားရတာ ကြာလို့ တစ်မျိုးတော့ ဖြစ်နေပါတယ်။ လေယာဉ်ပျံပေါ်ရောက်တော့ စင်ကာပူ လေကြောင်းလိုင်းက ကိုယ်နဲ့ရင်းနှီးနေတဲ့ လေယာဉ်တွင်း ဖျော်ဖြေရေး ဆော့ဖ်ဝဲလ်တောင်
ပုံစံ တစ်မျိုး ပြောင်းနေပါပြီ ။ လေယာဉ်ပျံပေါ်မှာ စလုံးကနေ လေ့လာရေး လာတဲ့ အန်ဂလိကန် ဟိုက်စကူး နဲ့ တခြား အထက်တန်းကျောင်း တစ်ကျောင်း က ကလေးတွေ တစ်အုပ်ကြီး ပါပါတယ်။ ကလေးတွေ ဆိုပေမယ့် ၁၃-၁၄ နှစ်လောက်တွေတော့ ရှိကြပါပြီ။  ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြား ထွက်သွားတာ ဘဝခြား သွားသလို ထင်နေတဲ့သူတွေ ရှိကြသေး ပေမယ့် သူများနိုင်ငံတွေမှာတော့ နိုင်ငံခြားဆိုတာ ကလေးတွေ အတွက်တောင် အထူးအဆန်း မဟုတ်တဲ့ ကိစ္စ ဖြစ်နေပါပြီ။  သူများနိုင်ငံက ကလေးတွေ နိုင်ငံခြားကို လေ့လာရေး ခရီးတွေ ထွက်နေကြတာ မြင်ပြီး ကျွန်တော်တို့ နိုင်ငံက ကလေးတွေလည်း သူတို့လို နိုင်ငံခြား လေ့လာရေး သွားနိုင်မယ့် အခြေအနေ ဘယ်တော့ ရောက်မလဲလို့ စိတ်ထဲမှာ တွေးကြည့်မိပါတယ်။

လေဆိပ်က ဆင်းဆင်းချင်း ရှန်ဟိုင်းမြို့လယ်ခေါင်က ကုမ္ပဏီ တိုက်ခန်းကို တက္ကစီ ငှားသွားရင် ရပေမယ့် နည်းနည်းလေးတော့ ရှည်လျားလိုက်ရမှ စိတ်ကျေနပ်တာမို့ ဖြောင့်ဖြောင့်တန်းတန်း မသွားဖြစ်ပါဘူး။ မသွားခင် တစ်ရက်ကမှ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဆီက သတင်း ရထားတဲ့ မက်လက်ဗ် ရထားကို စီးဖူးတယ် ရှိအောင် စီးကြည့်ဖို့ ကြံပါတယ်။ မက်လက်ဗ်ဆိုတာ Magnetic Levitation ကို အတိုကောက် ပြောတာပါ။ ဂျပန်က ကျည်ဆန် ရထားတွေနဲ့ နည်းပညာချင်း နည်းနည်းကွဲတယ်လို့ ကြားဖူးပါတယ်။ ဂျာမနီက နောက်ဆုံးပေါ် နည်းပညာပါ။ ရထားကို သံလမ်းပေါ်မှာ သံလိုက်နည်းနဲ့ တွန်းတင်ပြီး သွားတဲ့ ကျည်ဆန်ရထား တစ်မျိုးပါပဲ။ ဂျာမနီမှာ စမ်းသပ် အဆင့်ပဲ ပြေးနေပေမယ့် တရုတ်ပြည်မှာတော့ စီးပွားဖြစ် စဆွဲနေပါပြီ။ လေဆိပ်ကနေ လောရန်းလမ်း ဘူတာ တစ်ဘူတာပဲ သွားပါတယ်။ အဲဒီခရီးကို ပုံမှန်ဆိုရင် ယွမ် ၅၀ ပေးရပြီး လေယာဉ်ပျံလက်မှတ်ပြရင်တော့ လျော့ဈေး ၄၀ ယွမ်နဲ့ စီးလို့ ရပါတယ်။

ကျည်ဆန်ရထား စီးချင်လို့ ရွစိတက်နေတာတော့ ငယ်ငယ်ကတည်းကပါပဲ။ အခုတော့ တစ်ကယ်ပဲ စီးဖြစ်သွား ပါပြီ။ တရိပ်ရိပ် အရှိန်ပြေးနေတဲ့ ရထားဟာ ရပ်ထားတဲ့ နေရာကနေ တောက်လျှောက် အရှိန်မြင့် လိုက်တဲ့ အခါ တစ်နာရီကို ၃၀၀ ကီလိုမီတာနှုန်း အထိ မြန်သွားပါတယ်။ ဒီလို ရထားလမ်းမျိုး ရန်ကုန်နဲ့ မန္တလေးကြားသာ ဆောက်လိုက်ရင်တော့ ရန်ကုန်နဲ့ မန္တလေး ၂ နာရီကျော်လောက်နဲ့ သွားလို့ ရမယ့် ပုံပါပဲ။ ရထားထဲမှာ ရထား ဘယ်အရှိန်နဲ့ သွားနေတယ်ဆိုတာ ပြနေတာမို့ တစ်နာရီ ၃၀၁ ကီလိုမီတာ နှုန်း အမြန်ဆုံး သွားနေတဲ့ အချိန် ဓာတ်ပုံ ရိုက်ယူလာပါတယ်။



ရထားပေါ်က ဆင်းပြီးတော့ သူများတွေနဲ့ ရောယောင်ပြီး ရထားကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပါသေးတယ်။



ရထားက တစ်ဘူတာပဲ သွားပါတယ်။ တစ်ဘူတာ သွားပြီးတော့ လော်ရန်းလမ်းမှာ ရပ်ပါတယ်။ လော်ရန်လမ်းကနေ တက္ကစီငှားပြီး ကုမ္ပဏီ တိုက်ခန်း ရှိတဲ့ နေရာကို ထွက်လာခဲ့ပါတယ်။ ရှန်ဟိုင်းကတော့ တကယ်ကို တိုးတက်နေတဲ့ မြို့တော်ပါပဲ။ မိုးမျှော်တိုက်ကြီးတွေ မိုးပျံလမ်းကြီးတွေနဲ့ မို့ သူနဲ့ ပုံစံတူတဲ့ ဘန်ကောက် မနီလာ ရောက်ဖူးသမျှ နေရာ အကုန်လုံးကို သတိတရ ဖြစ်သွားပါတယ်။ ရှန်ဟိုင်းမှာ ဗောက်စ်ဝက်ဂွန်ကားတွေ အတော်များတာ သတိထားမိပါတယ်။ ကျွန်တော်စီးလာတဲ့ တက္ကစီက ဗောက်စ်ဝက်ဂွန်၊ ဘေးနားက သတိထားမိတဲ့ တက္ကစီ အတော်များများလည်း ဗောက်စ်ဝက်ဂွန်တွေပါပဲ။ လိပ်ခုံးကားတော့ မဟုတ်ပါဘူး။ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီက ထုတ်တဲ့ ဆန်တာနာ ဆိုတဲ့ တခြားကားအမျိုးအစားတွေပါ။ တက္ကစီတွေမှာ ထူးခြားချက်က တက္ကစီသမားရဲ့ ကားမောင်းတဲ့ နေရာကို ဘေးကနေ သံတန်းတွေ ကော်ပြားတွေနဲ့ ကာထားတာပါ။ အလွယ်တကူ ရန်ပြုလို့ မရအောင် ဓားပြတိုက်လို့ မရအောင် ကာထားတာလို့ပဲ ကိုယ့်ဘာသာကိုယ် ကောက်ချက်ချလိုက်ပါတယ်။

တိုက်ခန်းရောက်ပြီးတော့ တရုတ်ပြည်မှာ ရုံးထိုင်နေတဲ့ ရုံးက မန်နေဂျာတစ်ယောက်နဲ့ တွေ့ပါတယ်။ သူက အဲဒီတိုက်ခန်းမှာ နေတာပါ။ ဧည့်သည်လာရင် တည်းဖို့ အိပ်ခန်းတစ်ခန်း အပိုရှိပါတယ်။ ပစ္စည်းတွေ ထားပြီးတော့ သူက ကျွန်တော့်ကို ဘာလုပ်ချင်သလဲ မေးပါတယ်။ နေ့လည်က ၃ နာရီ ထိုးခါနီး လေယာဉ်ပျံပေါ်က ကျွေးတဲ့ နေ့လည်စာက ဗိုက်မဝတာမို့ ဗိုက်ဆာတယ် တစ်ခုခု စားချင်တယ်လို့ ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အဲဒီနားက ခေါက်ဆွဲဆိုင်ကို ရောက်ခဲ့ပါတယ်။ ရှန်ဟိုင်းမှာမို့ တရုတ် ခေါက်ဆွဲဆိုင်လို့  ထင်ရင်တော့ မောင်လေး ညီမလေးတို့ အဖြေမှားသွားပါပြီ။ အာဂျီးဆန် ရာမန် ဆိုတဲ့ စင်ကာပူမှာ ရှိတဲ့ ဂျပန် ခေါက်ဆွဲဆိုင်ပါပဲ။ စင်ကာပူနဲ့ ယှဉ်ရင်တော့ အများကြီး ဈေးသက်သာပါတယ်။

ခေါက်ဆွဲစားပြီးတော့ အဲဒီနားတစ်ဝိုက် လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ရှန်ဟိုင်း မြို့လည်ခေါင်မှာမို့ လူတွေအများကြီးပါပဲ။ စနေနေ့ နေ့လည်ဖြစ်နေတာက တစ်ကြောင်း၊ လူဦးရေ ၁၄သန်း ရှိတဲ့ မြို့တော် ဖြစ်နေတာကတစ်ကြောင်း ထင်ပါတယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးပါပဲ။ လမ်းလျှောက်ရင်းနဲ့ ဘေးက ကောင်လေးတစ်ယောက် အနားကပ် လာပြီး မာဆပ် လုပ်ချင်သလား လာမေးလို့ ခေါင်းခါ ပြလိုက်ပါတယ်။ ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက်က မသွားခင် မှာလိုက်ပါတယ်။ မာဆပ်သွားချင်ရင် တည့်တည့် ဝင်သွား၊ လမ်းဘေးမှာ ထွက်ခေါ်တာတွေနဲ့ မလိုက်နဲ့။ ပါးပါးလှီးလိမ့်မယ် ဆိုပြီးတော့ပါ။ ကြည့်ရတာတော့ သူကိုယ်တိုင် ခံခဲ့ရပုံပေါ်ပါတယ်။ ရုံးက မန်နေဂျာက သူ အနှိပ်သွားခံ မလို့ လိုက်မလား၊ အခန်းမှာပဲ ပြန်နားချင်သလားလို့ မေးပါတယ်။ မာဆပ်က ရိုးရိုးမာဆပ်ပဲ Hanky-Panky တွေ မပါဘူး။ ညောင်းရင်တော့ လိုက်ခဲ့ ဆိုတာနဲ့ပဲ သူနဲ့ လိုက်သွားဖြစ်ပါတယ်။

သူခေါ်သွားတဲ့ မာဆပ်ကလည်း အဲဒီနားတင်ပါပဲ။ အခန်းတစ်ခန်းထဲမှာ ဆိုဖာ ထိုင်ခုံ ၂ လုံးနဲ့ တယ်လီဗွီးရှင်း ရှိပါတယ်။ ခဏနေတော့ ကောင်မလေး ၂ ယောက် ဘာတွေ စိမ်ထားမှန်း မသိတဲ့ သစ်သား ရေနွေးဇလုံ တစ်လုံးစီ သယ်ပြီး ရောက်လာပါတယ်။ ရေနွေးထဲ ခြေထောက်ကို စိမ်ပြီးတော့ ပုခုံးကို နှိပ်ပေးပါတယ်။ ပုခုံးကို နှိပ်ပြီးတော့ ခြေထောက်ကို စနှိပ်ပါတော့တယ်။ သူတို့ ခြေဖဝါးနှိပ်တော့မှပဲ ကိုယ့်ခြေဖဝါးမှာ အကြောတွေ အတော်များမှန်း သဘောပေါက် ပါတော့တယ်။ ခြေချောင်း တစ်ချောင်းချင်းစီ ရဲ့ အကြောတွေကို ခြေဖဝါးမှာ ရှာနှိပ်သွားတာ လက်ဖျားခါလောက်ပါတယ်။ သူတို့ကတော့ နှိပ်ရင်း မန်နေဂျာနဲ့ ကွိစိကွစတွေ ပြောနေ ကြပါတယ်။ နှိပ်တာ ခံပြီးတော့ အတော် အညောင်းပြေ သွားပါတယ်။ မန်နေဂျာ ကျွန်တော့်ကို ပြောထားတဲ့ အတိုင်းပါပဲ။ ဟန်ကီပန်ကီ လုံးဝ မပါပါဘူး။

အနှိပ်ခန်းကထွက်တော့ ညနေ ၆ နာရီခွဲလောက် ရှိနေပါပြီ။ အဲဒီ အနားမှာ ရှိတဲ့ ရပ်ဖဲလ်စီးတီးကို ရောက်ခဲ့ပါတယ်။ စင်ကာပူက အင်္ဂလိပ်လူမျိုး ဆာရ် စတန်းဖို့ဒ် ရပ်ဖဲလ် တည်ခဲ့တဲ့ မြို့မို့လို့ ရပ်ဖဲလ်စီးတီး ရှိတာ ရှန်ဟိုင်းမှာ ဘာလို့ ရပ်ဖဲလ်စီးတီး ရှိရတာလဲ လို့ မေးစရာ ရှိပါလိမ့်မယ်။ စင်ကာပူ ကုမ္ပဏီ ကက်ပီတာ လန်း က ဆောက်ထားတာပါ။ ရပ်ဖဲလ်စီးတီးထဲ ဝင်တော့ စင်ကာပူက ရပ်ဖဲလ်စီးတီးထက် အများကြီး သားနားသလို ခံစားရပါတယ်။ အဓိကကတော့ နေရာကျယ်တာ ကြောင့် ဖြစ်မယ် ထင်ပါတယ်။ ဆိုင်တစ်ဆိုင်ထဲ ဝင်ကြည့်တော့ အင်္ကျီတွေက စလုံးက ရောင်းတဲ့ ဈေးထက်တောင် ကြီးပါသေးတယ်။ မန်နေဂျာကတော့ နာမည်ကြီးတဲ့ တံဆိပ် ဝယ်ချင်ရင် စင်ကာပူမှာပဲ ဝယ်။ ဒီမှာက သွင်းကုန်အခွန်ရော၊ ရောင်းတဲ့ အပေါ်မှာ ကောက်တဲ့ အခွန်ရော ဈေးကြီးတယ်လို့ ပြောပြပါတယ်။ အောက်က ဓာတ်ပုံကတော့ ရပ်ဖဲလ်စီးတီး အတွင်းပိုင်းမှာ ရိုက်ထားတာပါ။



ညနေစာ စားချိန် ရောက်ပြီမို့ ကျွန်တော်တို့ ညနေစာ စားဖို့ တက္ကစီ ငှားပြီး ထွက်ခဲ့ကြ ပါတယ်။ မန်နေဂျာကတော့ ဥက္ကဌကြီး မော်ရဲ့ နယ်က အစားအစာ လိုက်ကျွေးမယ် ပြောပါတယ်။ ဥက္ကဌကြီးမော်က ဟူနန် နယ်ကပါ။ တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေး ဆိုပြီး ရှိသမျှ ရှေးဟောင်း ပစ္စည်းတွေတွေ ဖျက်စီးခိုင်းခဲ့တဲ့ ဥက္ကဌကြီးမော်၊ တရုတ်စာလုံးကို ဖျောက်ပြီး အင်္ဂလိပ်စာလုံးနဲ့ တရုတ်စာကို ရေးခိုင်းဖို့ ကြံစည်ခဲ့တဲ့ ဥက္ကဌကြီးမော်၊ ပညာတတ်မြို့နေ လူငယ်တွေကို တောမှာဆင်း လယ်ထွန်းခိုင်းခဲ့တဲ့ ဥက္ကဌကြီးမော် တရုတ်ပြည်မှာတော့ လူတိုင်းအမှတ်တရ ရှိတုန်း နေမှာပါပဲ။

ဆိုင်ကိုရောက်တော့ လူအပြည့်ပေမယ့် သိပ်ကြာကြာ မစောင့်ရပါဘူး။ ဆိုင်ထဲမှာ နိုင်ငံခြားသားတွေလည်း အများကြီးပါပဲ။ စားပွဲထိုးက မီနူး ယူလာပေးတော့ မီနူးထဲမှာ မစ္စတာ မော်ရဲ့ အကြိုက် ပုဇွန်၊ မစ္စတာ မော်ရဲ့ အကြိုက် ဂဏန်း အဲဒီလိုမျိုးတွေ ရေးထားတာ တွေ့ရပါတယ်။ ဘာမှာရမှန်း မသိလို့ မန်နေဂျာကိုပဲ မှာခိုင်းလိုက်ပါတယ်။ ဝက်နံရိုး အစပ်ကင်၊ ဝက်သားအစပ်၊ တို့ဟူး အစပ်၊ အရွက်ကြော်၊ ဆေးဘဲဥဟင်း၊ ဆန်ပြားလို အပြားတွေနဲ့ အစပ်ဟင်း တွေ ရောက်လာပါတယ်။ တရုတ်စာမှာ အပူဟင်း (Hot Dish) နဲ့ အအေးဟင်း (Cold Dish) ရှိတယ် ဆိုတာ အဲဒီနေ့က လေယာဉ်ပျံပေါ်မှာ လျှောက်ကြည့်ရင်းမှ သတိထားမိပါတယ်။ အပူဟင်းက ချက်ချင်း ချက်ပြုတ်ထားတဲ့ဟင်း၊ အအေးဟင်းက ညကတည်းက
ပြင်ဆင်ထားတဲ့ဟင်း အဲဒီလိုမျိုး ကွဲပါတယ်။ ဟင်းတွေ အားလုံးက အစပ်တွေချည်းပဲမို့ ရှူးရှူးရှဲရှဲ စားနေရပါတယ်။ ဘီယာလည်း မှာပြီးသားမို့ ပုံမှန် မသောက်တာ ကြာပေမယ့် သောက်ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ မူးရတဲ့ အရသာကို မကြိုက်လို့ အရက် ဘီယာကို တတ်နိုင်သလောက် မသောက်ဖြစ်တာပါ။ ဟင်းတွေက ရှူးရှူးရှဲရှဲမို့ မသောက်တာ ကြာပေမယ့် ဘီယာတစ်လုံး ကုန်တာတောင် နည်းနည်းလေးမှ ရီတီတီ မဖြစ်ပါဘူး။

ပိုက်ဆံရှင်းပြီးတော့ တိုက်ခန်းကို ပြန်ခဲ့ပါတယ်။ မအိပ်ခင် တိုက်ခန်းက လှမ်းမြင်နေရတဲ့ ရပ်ဖဲလ်စီးတီးနဲ့ အနားက မိုးမျှော်တိုက် တစ်ခုကို ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။




အင်တာနက် ဖွင့်ကြည့်တော့ဖွဘုတ်၊ ယူကျု ဝင်မရပါဘူး။ ဒါပေမယ့်လည်း တတ်သည့်ပညာ မနေသာ ဆိုသလို မြန်မာပြည်က အတတ်နဲ့ ကျော်ခွကြည့်တော့ နာမည်ကျော် တရုတ်ပြည်ရဲ့ ဖိုင်းယားဝေါလ်ကြီးကို ကျော်လို့ရတာ တွေ့ရပါတယ်။ နောက်နေ့များမှ ရှန်ဟိုင်း အတွေ့အကြုံတွေကို ဆက်ပါဦးမယ်။