Monday, July 26, 2010

မနီလာ ဒိုင်ယာရီ (၂)

မနီလာမှာ ကျွန်တော်တို့တည်းတဲ့ ဟိုတယ်က မာကာတီလို့ ခေါ်တဲ့ မြို့လည်ခေါင် ရပ်ကွက်မှာ ရှိပါတယ်။ တိတိကျကျ ပြောရရင်တော့ စီနီမာ စကွဲယားလို့ ခေါ်တဲ့ နေရာပါ။ ဟိုတယ်ရဲ့ ရှေ့နားမှာ ရှော့ပင်းမောလ် တစ်ခုရှိလို့ ညနေဖက်ဆိုရင် အဲဒီမှာ ထမင်းထွက်စားကြပါတယ်။ အစားအသောက် မျိုးစုံ လှည့်ပတ် စားဖြစ်ပေမယ့် မရိုးနိုင်တဲ့ KFC နဲ့ McDonald ကိုလည်း မကြာခဏ စားဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ KFC နဲ့ McDonald စားရင် ထမင်းပါ တွဲပြီးမှာလို့ ရပါတယ်။ ထမင်းကို ဘာဂါလို ပုံစံ စက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်ကလေးနဲ့ ပေးပါတယ်။ နောက်ပိုင်းမှ သတိထားမိတာကတော့ မက်ဒေါ်နယ်လ်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မီနူးမတူပဲ ကွဲပြားတယ် ဆိုတာပါ။ ယူအက်စ်မှာ ရတဲ့ မီနူးမျိုး တခြားနိုင်ငံမှာ မရှိသလို ဖိလစ်ပိုင်မှာ ရှိတဲ့ မီနူးမျိုးလည်း တခြားနိုင်ငံမှာ မရှိပါဘူး။ ကြည့်ရတာကတော့ သူတို့ မာကတ်တင်း အဖွဲ့က နိုင်ငံအလိုက် လူတွေကြိုက်မယ့် အစားအစာကို လေ့လာပြီး မီနူးကို တစ်မျိုးစီထားတယ်လို့ ထင်ရပါတယ်။

ဖိလစ်ပိုင်မှာ နာမည်ကြီးတဲ့ တခြား Fast Food စားသောက်ဆိုင် တစ်ခုကတော့ Chow-King ပါ။ ချောင်ကင်းမှာ ခေါက်ဆွဲကြော်တို့ ထမင်းတို့လိုမျိုး တရုတ် အစားအစာတွေ ရပါတယ်။ ချောင် ဆိုတာ တရုတ်လို ကြော်တယ်လို့ အဓိပ္ပာယ်ရတယ်ဆိုတော့ ချောင်ကင်းကို အကြော်ဘုရင်လို့ မြန်မာမှု ပြုရမယ် ထင်ပါတယ်။ ချောင်ကင်း ဆိုင်ထဲဝင်သွားရင် အဲဒီမှာ တူကို ဘယ်လို သုံးရသလဲ ဆိုတာမျိုး လမ်းညွှန်ချက် ဆိုင်နံရံမှာ ချိတ်ထားတာကို တွေ့ရတတ်ပါတယ်။ ကျွန်တော် တွေ့ဖူးတဲ့ ဖိလစ်ပိုင်က လူအများစု တူကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်တတ် ကြပါဘူး။ ကျွန်တော်တို့ တူကို ကျင်ကျင်လည်လည် ကိုင်တတ်တာကို သူတို့ တအံ့တသြ ဖြစ်နေတတ် ကြပါတယ်။

စားသောက်ဆိုင် အနေနဲ့ကတော့ ဥရောပ အစားအစာ ရောင်းတဲ့ ဆိုင်တွေနဲ့ ဂျပန် စားသောက်ဆိုင်တွေ အများကြီး ရှိပါတယ်။ အံ့သြစရာ ကောင်းတာ တစ်ခုက ဖိလစ်ပိုင်က ရှော့ပင်းမောလ်တွေမှာ သွားရင်းလာရင်း ဝယ်စားရင် အစားအသောက်ဈေးက စင်ကာပူနဲ့ မတိမ်းမယိမ်း ဖြစ်နေတာပါ။ ကျွန်တော်တို့ စင်ကာပူမှာ ရတဲ့ လခနဲ့ ဒီလို ဈေးမျိုး ပြသနာ မရှိပေမယ့် သူတို့ဆီမှာ ရတဲ့ လခနဲ့ ဒီလူတွေ ဘယ်လိုများ စားနေကြသလဲလို့ စဥ်းစားမရအောင် ဖြစ်ခဲ့ပါတယ်။


ကျွန်တော်တို့ နေတဲ့ မာကာတီ စီနီမာ စကွဲယား ကနေ ၅ မိနစ် ၁၀ မိနစ် လောက် တက်ကစီနဲ့ သွားရင် ဂရင်းဘဲ့ (Green Belt) နဲ့ ဂလော်ရီယာတာ (Glorietta) လို့ခေါ်တဲ့ ရှော့ပင်းမောလ်တွေ အများကြီး ရှိတဲ့ နေရာကို ရောက်ပါတယ်။ ပုံမှာ ပြထားတာက ဂလော့ရီယာတာ အဆောက်အဦး နံပါတ် ၅ ပါ။ ကျွန်တော့်အတွက် စနေ တနင်္ဂနွေ နေ့လည်ပိုင်း တစ်ယောက်တည်း ပျင်းနေတဲ့ အချိန်မျိုးမှာ အချိန် သွားဖြုန်းတတ်တဲ့ နေရာပါ။ အဲဒီမှာ စားစရာ သောက်စရာ အစုံရှိတဲ့ အပြင် ဈေးဝယ်စရာတွေလည်း အစုံ ရှိပါတယ်။ ဂျပန်စာ၊ထိုင်းစာ၊ ကိုရီးယားစာစတဲ့ နိုင်ငံတကာ အစားအစာတွေ အစုံရှိပါတယ်။ တတိယ တစ်ခေါက် မနီလာကို ရောက်တော့ ဂလော့ရီယာတာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အင်တာ ကွန်တီနင်တယ် (InterContinental) ဟိုတယ်မှာ ခဏတဖြုတ် တည်းဖြစ်တာမို့ အားအားရှိတိုင်း ဂလော့ရီယာတာထဲမှာပဲ လှည့်ပတ်ပြီး လျှောက်သွားဖြစ်ပါတယ်။ မနီလာ ရောက်ရင် မသွားမဖြစ် သွားသင့်တဲ့ နေရာတစ်နေရာ ဖြစ်တယ်လို့ ညွှန်းပါရစေ။

ကျွန်တော်နဲ့ အတူ မနီလာကို ပါလာတဲ့ အင်ဂျင်နီယာ အုပ်စုထဲမှာ အတော်များများက ကဲမယ်ဆိုတဲ့ သူတွေ ချည်းပါပဲ။ အတော်ကို မနိုင်တဲ့ မလေးတရုတ် အင်ဂျင်နီယာ တစ်ယောက် ပါပါတယ်။ သူက ညနေစောင်းရင် ဘယ်ကို လစ်ရမလဲ ဆိုတာ အမြဲ ချောင်းနေ တတ်တာပါ။ ကျွန်တော်တို့ကို အဖော်စပ်လို့ မရရင် တစ်ယောက်တည်း လစ်ပါတယ်။ ပထမနေ့က သူဇာတ်လမ်းစတာနဲ့ ကျွန်တော်နဲ့ နောက် ဖိလစ်ပိုင် အင်ဂျင်နီယာ တစ်ယောက်ပါ ကျွန်တော်တို့တည်းတဲ့ ဟိုတယ် ဘေးက ကာရာအိုကေ ရောက်သွားပါတယ်။ စင်ကာပူ ဒေါ်လာ ၃၀ လောက်နဲ့ ဘီယာ အဝသောက်လို့ ရတဲ့ အပြင် ဘေးကနေ ဖားမ ချောချော ကလေး တစ်ယောက်က သီချင်းဖွင့်ပေး ဘီယာငှဲ့ပေးနဲ့ ဧည့်ခံပါတယ်။ အဲဒီမှာ ရှိတဲ့ ကောင်မလေး အယောက် ၃၀ လောက်ထဲက ကိုယ့်ကို ဧည့်ခံဖို့ ကောင်မလေးကို စိတ်ကြိုက်ရွေးလို့ ရပါတယ်။ ကောင်မလေးကို နည်းနည်း အင်တာဗြူး ကြည့်တော့ ကာရာအိုကေမှာ အလုပ်လုပ်ဖို့ ဂျပန်မှာ သင်တန်း သွားတက်ထားတယ်လို့ ပြောပြ ပါတယ်။ ကာရာအိုကေ အလုပ်လုပ်ဖို့တောင် ဂျပန်မှာ သင်တန်း တက်ထားတယ်ဆိုတော့ နည်းနည်းတော့ ဖြုံသွားပါတယ်။

နောက်တစ်နေ့တော့ Pub သွားချင်တယ် ဆိုတာနဲ့ ကျွန်တော်တို့ မြို့လည်ခေါင်က နာမည်ကြီး ကလာရန်း (Kalayan) ဘက်ကို ရောက်ဖြစ် ကြပါတယ်။ အဲဒီနေ့က လ အလည်ခေါင်တည့်တည့်ကြီး ဖြစ်နေတော့ Pub မှာ လူသိပ်မစည်ပါဘူး။ မလေးတရုတ် အင်ဂျင်နီယာ သကောင့်သားကတော့ ရောက်တာနဲ့ ကောင်မလေး တစ်ယောက်ကို မသွားပြီး အစအနကို ရှာလို့ မတွေ့တော့ပါဘူး။ ကျွန်တော်နဲ့ ဖိလစ်ပိုင် အင်ဂျင်နီယာ ပဲ Pub မှာ ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့ အနားမှာ ကောင်မလေး ၃ ယောက်က ရစ်သီရစ်သီ လာလုပ်နေပြီး သူတို့ကို ခေါ်ဖို့ အတင်းပြောနေပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က မခေါ်ချင်ဘူး အေးအေးဆေးဆေးပဲ သောက်ချင်တယ် ပြောတော့ သူတို့ကိုပါ အရက်ဝယ်တိုက်လို့ ပြောပါတယ်။ ဒါနဲ့ပဲ သူတို့ ၃ယောက်ကို အရက်ဝယ်တိုက်ပြီး လေပေးဖြောင့် နေကြပါတယ်။ ခဏနေတော့ ဖိလစ်ပိုင် အင်ဂျင်နီယာက ကောင်မလေး တစ်ယောက်ကို ခေါ်ပြီး Dancing Floor မှာ သွားက နေပါတယ်။ ကျွန်တော်နဲ့ မချော ၂ယောက်နဲ့ ကျန်ခဲ့ပါတယ်။ အဲဒီ ကောင်မလေးတွေထဲက ဂျေစီဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ ပြောခဲ့တဲ့ စကားတွေက နောင်လာနောက်သားများ အတွက် သင်ခန်းစာ ယူစရာ ဖြစ်လို့ မှတ်တမ်းတင် ထားလိုက်ပါတယ်။

"နင့်နာမည်က ဂျေစီ ဆိုတော့ အင်္ဂလိပ်နာမည်လည်း မဟုတ်ပါဘူး။ ဘာနာမည်လဲ။ အတိုကောက်လား။"
"မဟုတ်ပါဘူး။ ဒီလိုပဲ လုပ်စားဖို့ နာမည် ပေးထားတာပေါ့။"
"ဘယ်လို။ လုပ်စားဖို့ နာမည် ပေးထားတယ် ဟုတ်လား။"
"အေးပေါ့။ ငါလည်း နောင်တစ်ချိန် ယောက်ျားယူမှာပဲ။ အဲဒီအခါကျ ငါ့ယောက်ျား သူငယ်ချင်းတွေက ငါ့နာမည်ကြီး ကြားတာနဲ့ ဒါအရင်တုန်းက ဟို Pub မှာ လုပ်စားနေတဲ့ ကောင်မလေး ဆိုပြီး မှတ်မိသွားရင် ဘယ်ဖြစ်မလဲ။ အဲဒီတော့ နာမည်ဝှက်ပေးထားရတာပေါ့"
"အွန်" (သူ့ကိုယူမယ့် ယောက်ျား ကိုယ်စား နင်သွားခြင်း။)

ကောင်မလေးတွေ ဒီလိုလောက ထဲက ရုန်းထွက်ဖို့ မစဥ်းစား ကြတော့ဘူးလားလို့ စဥ်းစားမိတာနဲ့ ရှေ့ဆက်ပြီး အင်တာဗြူးပါတယ်။
"ဒါနဲ့ နေပါဦး။ နင်က ဒီအလုပ်ပဲ တသက်လုံး လုပ်စားတော့မှာလား။"
"ဘယ်ဖြစ်မလဲ။ ဒီအလုပ် ဆိုတာ ငယ်တုန်း ရွယ်တုန်း လုပ်စားလို့ ရတာ။ အသက်ကြီးလာရင် လုပ်စားလို့မှ မလွယ်တာ။"
"အဲဒါဆို နင်ဘာလုပ်မလဲ။"
"ငါနေ့လည်ပိုင်း အားတဲ့အချိန် ကျောင်းတက်တယ်လေ။ ဘွဲ့ရပြီးမှပဲ အဲဒီအလုပ်နဲ့ လုပ်စားတော့မယ်။"
"နင် ဘာကျောင်းတက်နေတာလဲ။"
" ကောလိပ် တစ်ခုမှာ စီအက်စ် (Computer Science) နဲ့ ကျောင်းတက်နေတာ။ ကျောင်းပြီးရင် ပရိုဂရမ်မာ လုပ်စားမှာပေါ့။"

သေစမ်းဟဲ့ ရပ်ကွက်လူကြီး ဆိုပြီး ရွတ်ရမလိုပါပဲ။ ပရိုဂရမ်မာ ဆိုရင်တောင်မှ စိတ်မချရပါလားနော်လို့ပဲ ပြောလိုက်ချင် ပါတော့တယ်။ တစ်ချိန်က မြန်မာစာပေလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တဲ့ နုနုရည် (အင်းဝ) ရဲ့ နမ်းမှာလားမောင် မွှေးတယ်ရှင် ဆိုတဲ့ ဝတ္တုတို အကြောင်း သွားသတိရမိပါတယ်။ အဲဒီ ဝတ္ထုမှာ ကောင်မလေးက ကျောင်းတက်ဖို့ စရိတ်မရှိလို့ သူဌေးတစ်ယောက်ရဲ့ မယားငယ် အဖြစ်နဲ့ နေပြီး သူဌေးက သူ့ကို ထောက်ပံ့ပါတယ်။ အဲဒီကောင်မလေးက သူ့ရည်းစားကို ပြောတဲ့စကားမှာ "မသန့်ရှင်းတဲ့ ခန္ဓာကိုယ် ဆိုတာ မရှိဘူး။" လို့ ပြောခဲ့တာကြောင့် အဲဒီစကားနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်ကုန်ပါတယ်။ နောက်တစ်ခု သတိရမိတာကတော့ မစန္ဒာရဲ့ ရီကွန်ဒီရှင် ဆိုတဲ့ ဝတ္ထုတိုပါ။ အဲဒီဝတ္ထုမှာ သင်္ဘောသားက သူ့အဖွားကို ကျွန်တော်က ကားတော့ ပိုက်ဆံမရှိလို့ ရီကွန်ဒီရှင် စီးရပေမယ့် မိန်းမတော့ Brand New လိုချင်တယ် ဆိုပြီး ပူဆာတော့ သူ့အဖွားက ကောင်မလေး တစ်ယောက်နဲ့ စပ်ပေးပါတယ်။ သနားစရာ သင်္ဘောသားမှာတော့ သူယူမယ့် ကောင်မလေးက ရီကွန်ဒီရှင် ဆိုတာ မသိရှာပါဘူး။ အဲဒီအကြောင်းကို ရေးထားတာပါ။ အခုလည်း ဒီကောင်မလေးကို ဘုမသိ ဘမသိ ယူတဲ့ကောင်တော့ နာပြီပဲလို့ တွေးမိပါတယ်။

အဲဒီအချိန်က ဖိလစ်ပိုင်မှာ ရွေးကောက်ပွဲ နီးနေပြီမို့ ဘယ်သွားသွား ရွေးကောက်ပွဲ အကြောင်းပဲ ကြားနေရပါတယ်။ ကျွန်တော်လည်း မချော ၂ယောက်နဲ့ စကားပြောရင်း မကြာခင် နိုင်ငံရေးဘက် ရောက်သွားကြပါတယ်။ ကောင်မလေး တစ်ယောက်က "ငါကတော့ ဘယ်သူတွေ ဘာပဲ ပြောနေနေ မားကို့စ်ကို ပဲ ကြိုက်တယ်။" လို့ ပြောပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အောင်ဖေတို့ မားကို့စ်တို့ ဆိုတဲ့ ဘန်းစကားတွေ ခေတ်စားခဲ့ဖူးပါတယ်။ ညောင်းဆိုတဲ့ အဓိပ္ပာယ်ပါ။ အောင်ဖေက ဘယ်သူလည်း မသိပေမယ့် ဖာဒီနန် မားကို့စ်က ဖိလစ်ပိုင်က သမ္မတပါ။ ၈၆-၈၇ ခုနှစ် ဝန်းကျင်လောက်က အကြီးအကျယ် ခြစားမှုနဲ့ ဖိလစ်ပိုင် သမ္မတ အဖြစ်ကနေ ပြုတ်သွားခဲ့ပါတယ်။ သူက မားကို့စ်လို ဒီလောက် ခြစားနေတဲ့ သမ္မတကိုမှ ကြိုက်တယ် ဆိုတာနဲ့ အတော်လေး အံ့သြသွားပါတယ်။ ဒါနဲ့ သူ့ကို ဘာကြောင့်လဲလို့ မေးကြည့်ပါတယ်။ သူက "ဖိလစ်ပိုင်က မားကို့စ်လက်ထက် အအေးချမ်းဆုံးပဲ။ ရာဇဝတ်မှု ကြီးကြီးမားမားတွေ သိပ်မဖြစ်ဘူး။ အခုတော့ ဟိုနားကြည့် မိသားစုလိုက် သတ်ခံရတာနဲ့၊ ပြန်ပေးဆွဲတာနဲ့ ဘာကောင်းလို့လဲ။" လို့ ဆက်ပြောပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့လို့ပဲ စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။

အမှန်တကယ်ကတော့ ကျွန်တော်တို့ မအူမလည်နဲ့ ကလာယန်ကို ရောက်သွားကြတာပါ။ ကလာယန်က တိုးရစ်စ်တွေ နိုင်ငံခြားသားတွေ အများစုပဲ ခြေဦးလှည့်တတ် တဲ့ နေရာပါ။ ဒေသခံ ဖိလစ်ပိုင် လူမျိုးတွေကတော့ ပျော်ချင် ပါးချင်ရင် ကလာယန်ကို သိပ်မသွားကြပဲ မြို့လည်ခေါင်မဟုတ်တဲ့ ဆူကတ် (Sukat) တို့ ကျူဘောင်း (Cubao) တို့ဘက်ကို ယွန်းကြပါတယ်။ ဆူကတ်နဲ့ ကျူဘောင်းက ဒစ္စကိုတွေကိုတော့ နောက်ဆုံးအခေါက် မှပဲ ရောက်ြဖစ်ပါတယ်။ အဲဒီမှာ မျှော်လင့်မထားတာတွေ တွေ့ခဲ့တာကြောင့် အတော်လေး အံ့သြခဲ့ရပါတယ်။

ဖိလစ်ပိုင်မှာ ဓာတ်ပုံတစ်ပုံမှ မရိုက်ဖြစ်တာမို့ ဓာတ်ပုံကို ထုံးစံအတိုင်း Wikipedia ကနေပဲ ယူလိုက်ပါတယ်။

Saturday, July 24, 2010

မနီလာ ဒိုင်ယာရီ (၁)

ကျွန်တော်တို့ မြန်မာတွေ ကိုယ့်လူမျိုးကိုယ် ရွှေလို့ ခေါ်ကြပေမယ့် တခြားလူမျိုးများကိုတော့ တစ်မျိုးနဲ့ တစ်မျိုးမရိုးအောင် နာမည် အစုံ ပေးထားကြပါတယ်။ ဖိလစ်ပိုင်ကို ဖား၊ ဗီယက်နမ်ကို ဗျိုင်း၊ မလေးကို မလိုင်၊ ဆွီဒင်ကို သကြားလုံး စတဲ့ အခေါ်အဝေါ်တွေ မြန်မာတွေ ပါးစပ်ဖျားမှာ ကြားနေရတတ်ပါတယ်။  ဖားမနဲ့ ဗျိုင်းမကတော့ စလုံးက ပလေးဘွိုင်းတွေရဲ့ ပါးစပ်ဖျားမှာ မကြာခဏ ကြားရတတ်တဲ့ အခေါ်အဝေါ်တွေ ပါပဲ။

၂၀၀၄ ခုနှစ်လောက်က အလုပ်ကိစ္စနဲ့ ဖားတို့ရဲ့ မြို့တော် မနီလာမှာ အတော်လေးကြာအောင် နေဖြစ်ခဲ့ပါတယ်။ မနီလာကို သဘောကျစရာ အချက်တွေ အတော်များများရှိပါတယ်။ ပထမဆုံး အချက်က စလုံးနဲ့ ယှဥ်ရင် အားလုံးမဟုတ်ပေမယ့် အတော်များများ ဈေးသက်သာပါတယ်။ ဒုတိယ တစ်ချက်က မလေးရှားမှာ နေသလို ညဘက် အပြင်ထွက်ရင် ကျောမလုံတဲ့ ခံစားမှုမျိုး မရှိပါဘူး။ နောက်တစ်ချက်က ဖားတွေနဲ့ မြန်မာတွေနဲ့ စရိုက်ချင်း သိပ်မကွာတော့ ပေါင်းလို့ သင်းလို့ အဆင်ပြေ ပါတယ်။ အဲဒါအပြင် မနီလာမှာ ဖော်ရွေတဲ့ ဖားမ ချောချောလေးတွေ အများကြီး ရှိပါတယ်။

ပထမဆုံး အကြိမ် မနီလာရောက်တော့ ပြပွဲကိစ္စနဲ့ ရောက်သွားတာမို့ ပြပွဲနဲ့ ဟိုတယ် ခေါက်တုံ့ခေါက်ပြန် ကူးရင်းနဲ့ပဲ အချိန်ကုန် ခဲ့ပါတယ်။ ပြပွဲခန်းမနားနီးတဲ့ ဟိုတယ်မှာပဲ နေဖြစ်တာကြောင့် မနီလာ မြို့ထဲကိုတောင်မှ မရောက်ြဖစ်ပါဘူး။ မပြန်ခင် တစ်ညမှ ဖိလစ်ပိုင် အေးဂျင့်က ကျွန်တော်တို့ ပြပွဲလာတဲ့ နိုင်ငံခြားသား တစ်အုပ်စုလုံးကို မြို့ထဲခေါ်သွားလို့ မနီလာကို ညဘက်တော့ မြင်ခဲ့ရပါတယ်။

နောက်အခေါက်တွေတော့ တည်းတဲ့ ဟိုတယ်ကလည်း မြို့လည်ခေါင်မှာ ရှိပြီး နေတာလည်း တစ်လကျော် နေဖြစ်ခဲ့တာမို့ မနီလာကို ကောင်းကောင်း လည်ပတ်ဖြစ်ခဲ့ပါတယ်။ မနက်ဆိုရင် မနီလာရုံးခွဲက မန်နေဂျာ တစ်ယောက်က ဟိုတယ်မှာ လာခေါ်ြပီး စက်ရုံကို ပို့ပေး၊ ညနေဆိုရင်လည်း ရုံးကကားနဲ့ စက်ရုံမှာ လာကြိုပြီး ဟိုတယ် ပြန်ပို့တာမို့ သွားရေးလာရေးကတော့ အဆင်ပြေပါတယ်။ အဲဒီမှာ ထူးထူးခြားခြား စနစ်တစ်ခုကို သတိထားမိခဲ့ပါတယ်။ မနီလာမှာ ကားတွေ အရမ်းပေါတော့ ယာဥ်ကြောပိတ်ဆို့မှု က အမြဲလိုလို ဖြစ်တတ်ပါတယ်။ ယာဥ်ကြောပိတ်ဆို့မှု ကို လျှော့လို့ရအောင် သူတို့ဆီမှာ စနစ်တစ်မျိုးကို တီထွင်ထားပါတယ်။ အဲဒါကတော့ ကားတစ်စင်းကို တစ်ပတ်မှာတစ်ရက် အပြင်ထွက်ခွင့် ပိတ်ထားတာပါ။ ဥပမာ ကားနံပါတ်က ၁ ဒါမှမဟုတ် ၂ နဲ့ ဆုံးရင် အဲဒီကားက တနင်္လာနေ့ အပြင်ထွက်လို့မရ၊ ၃ ဒါမှမဟုတ် ၄ နဲ့ဆုံးရင် အင်္ဂါနေ့ အပြင်ထွက်လို့ မရဆိုတာမျိုး လုပ်ထားတာပါ။ ကျွန်တော်တို့ ရုံးကတော့ အဲဒီပြသနာ ရှောင်လို့ရအောင် နံပါတ်မတူတဲ့ ကား ၂ စင်း ဝယ်ထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အတွက်တော့ ဘယ်နေ့ပဲ ဖြစ်ဖြစ် စီးဖို့ကားက အဆင်ပြေပါတယ်။

မနီလာမှာလည်း ဘန်ကောက်မှာလို မိုးပျံလမ်းတွေ ရှိပါတယ်။ ဖိလစ်ပိုင် စကိုင်းဝေး (skyway) က စင်ကာပူမှာ ဆောက်ထားတဲ့ အိတ်စ်စပရက်စ်ဝေးတွေနဲ့ သဘောတရားချင်း ပိုပြီးဆင်ပါတယ်။ သွားချင်တဲ့နေရာကို အနီးဆုံး ဝင်ပေါက်ကနေ စကိုင်းဝေးပေါ် တက်သွား၊ နီးတော့မှ ထွက်ပေါက်ကနေ ပြန်ဆင်းဆိုတဲ့ သဘောမျိုးပါ။ စင်ကာပူမှာ မြေပေါ်မှာ သွားပြီး မနီလာမှာ မိုးပေါ်ကနေ သွားတာတစ်ခုပဲ ကွာသွားပါတယ်။ နောက်ထပ် ကွာခြားချက် တစ်ခုက ဖိလစ်ပိုင်မှာ စကိုင်းဝေးက ဖြတ်တဲ့ကားတိုင်းကို ပိုက်ဆံကောက်ပါတယ်။ စင်ကာပူလို အချိန်ပေါ်မူတည်ပြီး ပေးရတာမဟုတ်ပါဘူး။ ဖြတ်တဲ့အချိန်တိုင်း ပေးရပါတယ်။ ခန့်မှန်းခြေ စင်ကာပူ ၂ ဒေါ်လာလောက် ပေးရပါတယ်။ ကျွန်တော်တို့ကတော့ ရုံးကပိုက်ဆံပေးတာမို့ သွားစရာ ရှိတိုင်း စကိုင်းဝေးကနေပဲ သွားပါတယ်။ အလုပ်ချိန် ပြင်ပတွေတော့ ရုံးက ကားမရှိတော့ ကိုယ့်အစီအစဥ်နဲ့ ကိုယ်ပဲ ကြုံသလို ကြိုက်သလို သွားရတာပါပဲ။


အစောပိုင်း ဖိလစ်ပိုင် ပါးမဝခင် အချိန်ကတော့ ဘယ်သွားသွား လမ်းမပေါ်တွေ့တဲ့ တက်ကစီကလေး တားပြီး စီးပါတယ်။ တက်ကစီခက စင်ကာပူ ဒေါ်လာနဲ့ ပြန်တွက်ကြည့်ရင် ပါးပါးလေးမို့ သိပ်မသိသာပါဘူး။ ဒါပေမယ့် အနေကြာလို့ လူပါးဝလာတော့လည်း အဲဒီမှာ ရှိတဲ့ ယာဥ်တွေ အားလုံး အစုံစီးဖြစ်တာပါပဲ။ မနီလာ မြို့ထဲမှာ ဟိုနားဒီနား သွားဖို့ ဂျစ်ပနေး (Jeepney) လို့ခေါ်တဲ့ ဂျစ်ကားတွေ ရှိပါတယ်။ ဂျစ်ကားက တစ်ခါစီးရင် ၅ ပီဆိုပဲ ပေးရတာမို့ အဲဒီအချိန် စလုံး ဒေါ်လာပေါက်ဈေးနဲ့ ပြန်တွက်ကြည့်ရင် ၁၅ ဆင့် လောက်ပဲ ရှိပါတယ်။ နောက်ဂျစ်ပနေးက သူသွားတဲ့ လမ်းကြောင်းမှာ မှတ်တိုင် မရှိဘဲ တားချင်တဲ့နေရာက တားပြီး ရပ်ချင်တဲ့ နေရာမှာ ရပ်ခိုင်းလို့ ရပါတယ်။ ဟိုနားဒီနား သွားဖို့တော့ ဂျစ်ပနေးပဲ စီးဖြစ်ပါတယ်။ တစ်ရက်တော့ စက်ရုံက အင်ဂျင်နီယာတွေနဲ့ အတူ အပြင်လိုက်သွားတော့ သုံးဘီး စီးဖြစ်ပါတယ်။ မနီလာက သုံးဘီးက မန္တလေး သုံးဘီးတို့ ဘန်ကောက်က တုတ်တုတ် တို့လို မဟုတ်ပါဘူး။ နောက်တွဲပါတဲ့ သုံးဘီးဆိုင်ကယ်ပါ။ နောက်ထဲမှာ ၄-၅ ယောက် ထိုင်စီးလို့ ရပါတယ်။ သူတို့နဲ့ လိုက်သွားရင်း ဘတ်စ်ကားလည်း စီးဖြစ်လိုက်ပါသေးတယ်။ မနီလာ ဘတ်စ်ကားကတော့ စင်ကာပူလောက် မသားနား ရန်ကုန်လောက် မဆိုးရွားဆိုတဲ့ အခြေအနေမျိုး ရှိပါတယ်။

ကျွန်တော် ဖိလစ်ပိုင် ရောက်ခါစက ဖိလစ်ပီနိုနဲ့ ဖိလစ်ပီနာကို ကွဲကွဲပြားပြား မသိပါဘူး။ သူတို့ဆီမှာ ယောက်ျားလေးကို ဖိလစ်ပီနို ခေါ်ပြီး မိန်းကလေးကို ဖိလစ်ပီနာ ခေါ်ပါတယ်။ မနီလာမှာ တွေ့ရတဲ့ ဖိလစ်ပီနာ ဖားမကလေးများက စလုံးမှာ တွေ့နေကြ အိမ်ဖော် လာလုပ်တဲ့ ဖားမများလို ရုပ်ကြမ်းကြီးတွေ မဟုတ်ပါဘူး။ ချောချောလှလှလေးတွေ အများကြီး ရှိပါတယ်။ အများစုက အင်္ဂလိပ်စကား ဖြောင့်အောင်တန်းအောင် မပြောတတ်ပေမယ့် ဆက်သွယ်လို့ ရအောင်တော့ ပြောတတ်ပါတယ်။ နောက်ပြီးတော့ ဖိလစ်ပီနာတွေက အတော်လေး ဖော်ရွေပါတယ်။ ကျွန်တော်တို့တော့ အခန်းထဲမှာ ပျင်းလို့ လုပ်စရာ မရှိရင် ဧည့်ကြိုကောင်တာမှာ ရှိတဲ့ ဒါမှမဟုတ် ဟိုတယ်ထဲက ကော်ဖီဆိုင်မှာ ရှိတဲ့ ဖိလစ်ပီနာ ချောချောလေးများနဲ့ အပျင်းပြေ တောင်စဥ် ရေမရ သွားပွားနေကြတာပါပဲ။

တကယ်တော့ ဖိလစ်ပိုင်ကို မလေးရှားလောက် မဆိုးဘူးလို့ စိတ်ထဲမှာပဲ ခံစားရတာပါ။ မနီလာက မလေးရှားထက် အများကြီး ပိုကြမ်းပါတယ်။ လေဆိပ်မှာ လုံခြုံရေးစောင့်တဲ့ အစောင့်များက စက်သေနတ် ကိုင်စောင့်ပါတယ်။ ရှော့ပင်းစင်တာတွေ ဟိုတယ်တွေမှာ လုံခြုံရေး ယူတဲ့ အစောင့်တွေကလည်း တကယ့် သေနတ် အစစ်ကို ခါးချိတ်ပြီး စောင့်ကြပါတယ်။ ကျွန်တော် ရောက်တဲ့ ညက စလုံး တရုတ်တယောက်နဲ့ ဟိုတယ်ဧည့်ကြိုကောင်တာကလူတွေနဲ့ စကားများနေတာ တွေ့ရပါတယ်။ ပြသနာက စလုံးတရုတ်က အပြင်က အပြန်မှာ ကောင်မလေး တစ်ယောက်ကို မလာပြီး ဟိုတယ်ပေါ်ခေါ်လာတော့ ဧည့်ကြိုကောင်တာက မှတ်ပုံတင်ခိုင်းလို့ပါ။ စလုံးတရုတ်က သူနဲ့ အတူတူ ခေါ်လာတဲ့ ကောင်မလေးကို မှတ်ပုံတင်ရမယ် ဆိုတာကို မကျေနပ်လို့ ပြသနာရှာပါတယ်။ ဟိုတယ်ကလည်း လုံခြုံရေးအရ မတင်လို့ မဖြစ်ဘူး ဆိုပြီး အတင်းကို မှတ်ပုံတင်ခိုင်းပါတယ်။ ​နောက်ဆုံးတော့လည်း စလုံးတရုတ်က အောင့်သီးအောင့်သက်နဲ့ သူခေါ်လာတဲ့ ကောင်မလေးကို သူ့အခန်းမှာ မှတ်ပုံတင် လိုက်ရပါတယ်။

မနီလာနဲ့ ပတ်သက်လို့ ပြောစရာတွေ အများကြီး ကျန်ပါသေးတယ်။ မနီလာရဲ့ အစားအသောက်တွေ၊ စိတ်ဝင်စားစရာ ကောင်းတဲ့ ညဘက် အပန်ုးဖြေစရာတွေ၊ လှုပ်လှုပ်ရှားရှား စိတ်ဝင်စားစရာ ကောင်းတဲ့ ရွေးကောက်ပွဲ အကြောင်းတွေကို နောက်ပို့စ်တွေမှာ ဆက်ရေးပါဦးမယ်။ 


(Jeepney ပုံကို Wikipedia က ယူထားပါတယ်။)

Tuesday, June 8, 2010

ပြုံးဖို့ သက်သက်ပါ

ဘာသာရေးနဲ့ ပတ်သက်ပြီး ကမောက်ကမ ဖြစ်ရတဲ့ ဟာသတွေထဲက သိပ်ပြီး မရိုင်းဘူးလို့ ထင်ရတဲ့ ဟာသလေး တွေကို ပြန်ပြီး ဝေမျှချင်ပါတယ်။ ဘာသာတရားကို မရိုမသေ လုပ်သလို မဖြစ်လောက်ဘူးလို့တော့ ထင်တာပါပဲ။ ပြုံးချင်စရာ သက်သက်ပါ။

အင်္ဂလိပ်ခေတ်တုန်းက မြန်မာပြည်မှာ လာပြီး အခြေချကြတဲ့ ဆာမိနဲ့ မူတူး ဆိုတဲ့ ကုလား ၂ ယောက် ရှိပါတယ်။ သူတို့ဟာ မြန်မာပြည်မှာ အနေကြာလာ ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာဝင် အဖြစ် ပြောင်းလိုက် ကြပါတယ်။ ဘာသာ ပြောင်းပြီးတော့ ဆာမိက ရွာဦးကျောင်း ဆရာတော်ကို အိမ်ကို ပင့်ပြီး ဆွမ်းကပ်ပါတယ်။ ဆရာတော်က ဆွမ်းဘုဥ်းပေးပြီးတဲ့ နောက်မှာတော့ အိမ်ရှင် ဆာမိကို ငါးပါးသီလ ပေးပါတယ်။ သူ့သူငယ်ချင်း မူတူးကလည်း တရားနာတဲ့ နေရာမှာ ရောက်နေပါတယ်။ ဆရာတော်က "ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ" ဆိုပြီး သရဏဂုံ ရွတ်ဖတ်တဲ့ အချိန်မှာတော့ အိမ်ရှင် ဆာမိက သဘောတွေ အကျကြီး ကျနေပါတယ်။

နောက်တစ်နေ့ ကျတော့ မူတူးကလည်း အားကျမခံ ဆရာတော်ကို အိမ်ကို ပင့်ပြီး ဆွမ်းကပ်ပါတယ်။ ဆရာတော်လည်း မူတူးရဲ့ အိမ်မှာ ဆွမ်းဘုဥ်းပေး ပြီးတဲ့ နောက်မှာ ငါးပါးသီလ ပေးပြန်ပါတယ်။ ဆရာတော်က "ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ" ဆိုပြီးတော့ ရွတ်တဲ့ အချိန်မှာတော့ အိမ်ရှင် မူတူးက "ဆရာတော် ဘုရား။ တပည့်တော် နာမည် မူတူး ပါဘုရား။ ဆာမိ မဟုတ်ပါဘူး။" ဆိုပြီး ဝင်ပြောပါတယ်။ ဘုန်းကြီးက "ဟဲ့ ဒကာ။ သရဏဂုံဆိုတာ ဒီအတိုင်းပဲ။ ဆာမိပဲ ဖြစ်ဖြစ် မူတူးပဲ ဖြစ်ဖြစ် ဂစ္ဆာမိပဲ ရှိတယ်။" လို့ပြန်ပြောတော့ မူတူးက "အရှင်ဘုရား တပည့်တော်က ဆာမိမှ မဟုတ်တာ။ မူတူးပဲ။" ဆိုပြီး ထပ် ပြော ပြန်ပါတယ်။ ဘုန်းကြီးကလည်း စိတ်ပေါက်ပေါက်နဲ့ ကဲ ဒီလောက်တောင် ဖြစ်လှတာ ဆိုပြီး "ဗုဒ္ဓံသရဏံ ဂစ်မူတူး ဓမ္မံသရဏံ ဂစ်မူတူး သံဃံသရဏံ ဂစ်မူတူး" ဆိုပြီး ရွတ်ထည့် လိုက်ပါတယ်။ အဲဒီတော့ မူတူး က ဝမ်းသာအားရနဲ့ "အာဟား။ ဂစ်မူတူးကွ။" ဆိုပြီး ထခုန် ပါတယ်တဲ့။ အဲဒါက ဟိုးအရင်ခေတ်က ရွှင်ပြုံး ဂျာနယ်မှာ ပါဖူးတဲ့ ဟာသ တစ်ခုပါ။

ငယ်ငယ်ကတည်းက ကြားဖူးနေတဲ့ တရုတ်ကြီး နဲ့ သူ့မိန်းမ ဟာသလည်း ရှိပါသေးတယ်။တစ်ခါက တရုတ်ကြီး တစ်ယောက်ဟာ မြန်မာ အမျိုးသမီးတစ်ဦး နဲ့ အိမ်ထောင်ကျပါတယ်။ သူ့မိန်းမက မနက်တိုင်း ဘုရားကို ဆွမ်းတော်တင် ရေချမ်းကပ်နဲ့ လုပ်နေတာကို တရုတ်ကြီးက အမြဲတမ်း တွေ့နေရပါတယ်။ ဆွမ်းကပ် ရေချမ်းကပ် တွေ ရွတ်နေတာကိုလည်း ကြားနေ ရပါတယ်။ တစ်နေ့တော့ သူ့မိန်းမက ခရီးသွားစရာ ရှိလို့ တရုတ်ကြီးကို "ကျွန်မ မရှိတဲ့ အချိန် ရှင် မနက်တိုင်း ဘုရားကို ဆွမ်းတော်တင် ထားလိုက်။" ဆိုပြီး မှာထားခဲ့ပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ တရုတ်ကြီးလည်း ဆွမ်းတော်ပွဲ ကလေး ပြင်ပြီး ဘုရားကို ဆွမ်းသွားကပ် ပါတယ်။ ဘုရားကို ဆွမ်းကပ် ပြီးတော့မှ "ဒုက္ခပဲ။ ငါ့မိန်းမ ဆွမ်းကပ်ရင် ဘာတွေ ရွတ်သလဲ ဆိုတာ မသိဘူး။ မေးလည်း မထားလိုက်မိဘူး " ဆိုပြီး စဥ်းစားမိတာနဲ့ တရုတ်ကြီးက ပြောလိုက်ပုံက "ဘုရား ဘုရား စားစား။ အားမနာနဲ့။ ကျန်တာ မိန်းမလာမှ ဆက်ပြောလိမ့်မယ်။" ဆိုပြီးတော့ပါတဲ့။

ကျွန်တော်တို့ ငယ်ငယ် ၇တန်းနှစ်က ကိုယ်တိုင် ကြုံဖူးတဲ့ ဟာသ တစ်ခု ရှိပါတယ်။ အဲဒီတုန်းက အတန်းချုပ် ဆရာမကြီးက တစ်ပတ်ကို စာသင်ချိန် တစ်ချိန်ယူပြီး အခန်းထဲမှာ ဗုဒ္ဓဘာသာ နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရှင်းပြပါတယ်။ ဆရာမကြီးက တော်တော် မျက်နှာထားတင်းတာမို့ ကျောင်းသားတွေ အတော်များများက ကြောက်ရပါတယ်။ တစ်နေ့တော့ ဆရာမကြီးက ကျွန်တော်တို့ကို ဗုဒ္ဓဘုရားရဲ့ ဖြစ်စဥ် ဗုဒ္ဓဝင်နဲ့ ပတ်သက်ပြီး ပြောပြ နေပါတယ်။ တစ်နေရာ ရောက်တော့ ဆရာမကြီးက ကျောင်းသားတွေကို ပညာစမ်းချင်တာနဲ့ "မင်းတို့ အထဲမှာ ဘုရားရဲ့ ဖခမည်းတော် နာမည်ကို သိတဲ့သူ ဘယ်သူ ရှိသလဲ။" လို့ မေးပါတယ်။ သုဒ္ဓေါဓန မင်းကြီးရဲ့ နာမည်ကို အဲဒီတုန်းက ကျွန်တော်တို့ အထဲမှာ သိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အဲဒီတော့ ဆရာမကြီးက ထပ်ပြီးတော့ "အဖေနာမည်ပေါ့ကွာ။ ဘယ်သူပြောနိုင်သလဲ။" လို့ ထပ်မေးပါတယ်။

အဲဒီအချိန် ဆရာမကြီးရဲ့ ရှေ့ ခုံတန်းမှာ ထိုင်ပြီး အိပ်ငိုက်နေတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ရုတ်တရက် လန့်နိုးလာပါတယ်။ သူက အိပ်ချင်မူးတူးနဲ့ သူ့ကို မေးတယ် ထင်ပြီး "ဆရာမ ကျွန်တော်ပြောလို့ မဖြစ်ဘူး။ ကျွန်တော် ပြောရင် အားလုံး ဝိုင်းဟား ကြလိမ့်မယ်။"လို့ ထပြောပါတယ်။ ဆရာမကြီးက "သိရင်ပြောစမ်းပါကွ။ ဘာဖြစ်သေးလဲ။" လို့ ပြန်ပြောပါတယ်။ ဟိုကောင်ကလည်း "တကယ်ပြောလို့ မဖြစ်ဘူး ဆရာမ။ ကျွန်တော့် သူငယ်ချင်းတွေ အကြောင်း ကျွန်တော်သိတယ်။ ဒီကောင်တွေ ကျွန်တော့်ကို ဝိုင်းဟား လိမ့်မယ်။" ဆိုပြီး ထပ်ပြော ပြန်ပါတယ်။ ဆရာမကြီးကလည်း "ပြောစမ်းပါကွ။ ရဲရဲသာ ပြောစမ်းပါ။ မင်းကို ဘယ်သူမှ မဟားစေရဘူး။ ဆရာမ တာဝန်ယူပါတယ်။" လို့ အာမခံလိုက်ပါတယ်။ အဲဒီမှာ ကျွန်တော့် သူငယ်ချင်းက "ဦးတင်စိုးပါ ဆရာမကြီး။" ဆိုပြီးတော့ ထပြောလိုက်တော့ တခန်းလုံး ဝါးကနဲ ပွဲကျ သွားကြပါတယ်။ မျက်နှာထားတင်းတဲ့ ဆရာမကြီးတောင် မနေနိုင်ပဲ ရယ်ပါတော့တယ်။ ပြီးတော့မှ "ဟဲ့ နင့်အဖေနာမည် မေးနေတာ မဟုတ်ဘူး။ ဘုရားရဲ့ အဖေနာမည် မေးနေတာ။" ဆိုပြီး ပြောတော့မှ ဟိုကောင်လည်း ရှက်ကိုးရှက်ကန်းနဲ့ ပါးစပ်ပိတ် သွားပါတော့တယ်။ နောက်နေ့ကစပြီး ဘုရား အဖေနာမည် ဦးတင်စိုးလားကွ ဆိုပြီး အခန်းထဲမှာ သူ့ကို တွေ့တိုင်း စကြပါတော့တယ်။

နောက်တစ်ခါတော့ ကျွန်တော့် အမျိုးအရင်း ခေါက်ခေါက်ကြီး တစ်ယောက်ရဲ့ အဖြစ်ပါ။ တစ်နေ့ သူ ပြည်ဘက်ကို ဘုရားဖူးသွားရင်း နာမည်ကြီး ဘုန်းကြီးကျောင်း တစ်ကျောင်းကို ရောက်သွားပါတယ်။ အဲဒီ ဘုန်းကြီးက အသားရှောင် ခိုင်းတာတို့ အရက်ရှောင်ခိုင်းတာတို့ ဆိုတာတွေ လုပ်တတ်ပါတယ်။ သူက ဘုန်းကြီး အနားမှာ ထိုင်နေတုန်း ဘုန်းကြီးက "မင်းအရက်ကြောင့် ဒုက္ခတွေ့လိမ့်မယ်။ အဲဒီတော့ ငါ့ကို အရက် ရာသက်ပန် လှူခဲ့။" ဆိုပြီး အလှူခံပါတယ်။ သူကတော့ "အင်း။ အရက်လှူလည်း ဘီယာတော့ သောက်လို့ ရပါသေးတယ်။" ဆိုပြီး စိတ်ထဲ စဥ်းစားနေပါတယ်။ ဘုန်းကြီးက သူဘာတွေး နေသလဲ သိသလိုနဲ့ "အရက် ဆိုတဲ့ အထဲမှာ ဘီယာလည်း ပါတယ်။" လို့ ပြောပါတယ်။ ဒီလိုနဲ့ မလှူချင့် လှူချင်နဲ့ ဘုန်းကြီးကို အရက် ရာသက်ပန် လှူခဲ့ရပါတယ်။ နောက်ပိုင်းမှာ အပေါင်းအသင်းတွေ ဘီယာသောက်တိုင်း အရက်သောက်တိုင်း သူဝင်သောက်လို့ မရဘဲ ဘေးထွက် ထိုင်နေရပါတယ်။ အစပိုင်း သိပ်ကိစ္စမရှိပေမယ့် နှစ်တွေကြာလာတော့ တဖြည်းဖြည်းနဲ့ ညစ်လာ ပါတယ်။ ဒါပေမယ့် ဘုန်းကြီးကို ရာသက်ပန် လှူခဲ့တာ ဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေပါတယ်။ အဲဒီအချိန် အကြံကောင်း ညာဏ်ကောင်း ဝင်ပေးတဲ့ သူငယ်ချင်း တစ်ယောက်ကြောင့် အဆင်ပြေ သွားပါတယ်။ သူငယ်ချင်း ပေးတဲ့ အကြံကတော့ "ဘုန်းကြီးဆီ လှူခဲ့လို့ ပြန်စွန့်ချင်ရင် လွယ်လွယ်လေး။ ဘုရားက ဘုန်းကြီးထက် ပိုပြီး အဆင့်မြင့်တယ်။ ဘုရားမှာ သွားပြန်စွန့်လိုက်ပေါ့။" ဆိုပြီးတော့ပါ။ အဲဒီလိုနဲ့ ဘုရားမှာ အရက် သွားပြန်စွန့်ပြီး အရက် ပြန်သောက် ပါတော့တယ်။

Wednesday, June 2, 2010

အိတ်ထဲ ရှိရှိသမျှ အောလိုက်ရရင်

တခါတလေတော့လည်း ရှေ့ဖြစ်ဟောတဲ့ အကြောင်းတွေက အံ့သြဖို့ ကောင်းပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကန်နေတဲ့ အချိန်ကပါ။ ကွာတား ဖိုင်နယ် ကန်နေတဲ့ အချိန် ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ဒီနှစ် ပြင်သစ် ဗိုလ်စွဲမှာလို့ လာပြောပါတယ်။ ပြင်သစ်ဆိုတာ လုံးဝ အစဥ်အလာ မရှိတဲ့ အသင်းမို့ ကျွန်တော်တို့က မဖြစ်နိုင်ဘူးလို့ သူ့ကို ဝိုင်းပြော ကြပါတယ်။ မင်းဘယ်သူ ပြောလဲ ဆိုတော့ သာမညတောင် အောက်က ----- ဆရာတော်က ပြောတာ။ သူ့ကို ကိုးကွယ်တဲ့ တစ်ရွာလုံး ပြင်သစ်ကိုပဲ ဖိလောင်း နေကြတယ်လို့ သူက ပြောတော့ ကျွန်တော်တို့က ဖြစ်နိုင်မယ် မထင်ပါဘူးကွာ ဆိုပြီး သူ့စကားကို အလေးမထား ကြပါဘူး။ အဲဒီလိုနဲ့ ပြင်သစ် ဆီမီးဖိုင်နယ် တက်လာတော့ ကျွန်တော်တို့ သူငယ်ချင်းတွေထဲက တစ်ချို့က ပြင်သစ်ကို ဝိုင်းပြီး အောကြ ပါတော့တယ်။ သူတို့တွေ အဲဒီနှစ်က ပြင်သစ် လုပ်ကျွေးလို့ ဖိုင်နယ်ပြီးတဲ့ အချိန်မှာ အတော် ထောသွားကြ ပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေထဲမှာ ၂၀၀၂ ခုနှစ် ပွဲကတော့ အမှတ်တရ အရှိဆုံးပါပဲ။ အဲဒီတုန်းက တစ်နေ့ ကျွန်တော် အိမ်ပြန်လာတော့ အိမ်မှာ အတူနေတဲ့ သူငယ်ချင်းက ငါအလုပ်ကနေ ခွင့်တစ်လ ယူလာခဲ့တယ်ကွလို့ လှမ်းပြောပါတယ်။ နေ့တိုင်းနီးပါး အလုပ်လုပ်ပြီး ပိုက်ဆံကို ကုန်းရုန်း ရှာနေတဲ့ သူငယ်ချင်းက ခွင့်အကြာကြီး ယူလာတယ် ပြောလို့ အံ့သြ သွားပါတယ်။ ဘာလုပ်မလို့လဲ လို့ ဝိုင်းမေးတော့ ကမ္ဘာ့ဖလားပွဲ ကြည့်မလို့ ခွင့်ယူလာတာ လို့ ပြောလို့ ကျွန်တော်တို့ အားလုံး ဝိုင်းရယ်ကြပါတယ်။ အစကတော့ သူ ကျွန်တော်တို့ကို နောက်နေတယ် မှတ်တာပါ။ ဒါပေမယ့် နောက်တစ်နေ့က စပြီး သူ တစ်လလုံးလုံး အလုပ်မသွားတော့ဘဲ တီဗွီရှေ့မှာ လာသမျှ ဘောလုံးပွဲတိုင်းကို မလွတ်တမ်း ထိုင်ကြည့် ပါ​တော့တယ်။ အဲဒီလောက်ကို ဝါသနာ ကြီးတဲ့သူလည်း ကြုံဖူးပါတယ်။

ကျွန်တော်တို့က အိမ်မှာ ယောက်ျားလေးတွေချည်း စုနေတာ ဆိုတော့ တစ်အိမ်လုံး ဘောလုံးပွဲ ကြည့်ကြပါတယ်။ ဘောလုံးပွဲ ကြည့်ဖို့ အတွက် ကေဘယ်လ် တီဗွီနဲ့ ဘောလုံးပွဲလိုင်း ချိတ်ထားပါတယ်။ အဲဒါကြောင့် နီးစပ်ရာ သူငယ်ချင်းတွေလည်း အိမ်မှာလာပြီး ဘောလုံးပွဲ ကြည့်ကြပါတယ်။ ကမ္ဘာ့ဖလားပွဲ မစခင်ညက ကျွန်တော့် သူငယ်ချင်း အစ်ကိုကြီး တစ်ယောက် အိမ်ရောက်လာပြီး ကောင်လေး မင်း ပိုက်ဆံ ၂၀ အလကား မလိုချင်ဘူးလားလို့ မေးပါတယ်။ ဘယ်လို လုပ်ရမလဲ မေးတော့ ပထမဆုံးနေ့ ပြင်သစ်နဲ့ ဆီနီဂေါကန်မှာကွ။ ပြင်သစ်ဘက်ကလောင်းလို့ နိုင်ရင် ၂၀ ရာခိုင်နှုန်းရမယ်။ အဲဒီတော့ ပြင်သစ်ကို ဒေါ်လာ ၁၀၀ လောင်းလိုက်၊ ၂၀ရဖို့တော့ သေချာတယ်လို့ သူကပြောပါတယ်။ ကျွန်တော်တို့ကတော့ ဟာ ရှုံးသွားရင် ငုတ်တုတ်မေ့ဦးမယ်။ လောင်းချင်ရင် ခင်ဗျားဘာသာ ခင်ဗျားလောင်း ဆိုပြီး ပြောလိုက်တော့ ငါက မင်းတို့ကို အကောင်းနဲ့ အကြံပေးတာ နားမထောင်ချင်ရင်လည်း မင်းတို့ ထိုက်နဲ့ မင်းတို့ကံပဲ လို့ ပြောပြီး ထွက်သွားပါတယ်။ နောက်တစ်နေ့ ပွဲစစချင်း ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို ကမ္ဘာ့ဖလား အခုမှ စကန်ဖူးတဲ့ ဆီနီဂေါက ကောင်းကောင်း တီးထည့် လိုက်တော့ ပြင်သစ်ဘက်က ဒေါ်လာ ၁၀၀ သွားလောင်းတဲ့သူ တကယ်ပဲ ငုတ်တုတ်မေ့ သွားပါတော့တယ်။

အစကတော့ အားလုံးက ဘောလုံးပွဲကို ကြည့်ရုံကြည့်ကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ အိမ်မှာ အတူနေတဲ့ သူငယ်ချင်း တစ်ယောက်က ဇာတ်လမ်းစလာ ပါတယ်။ ဘောလုံးပွဲ ဆိုတာ ဒီအတိုင်း ကြည့်ရတာ ဖီးလ် မရှိဘူး။ နည်းနည်းလေး အလောင်းအစားပါမှ ကြည့်ကောင်းတာကွ ဆိုပြီး ဒေါ်လာ ၂၀ သွားလောင်းလိုက် ၃၀ သွားလောင်းလိုက် နဲ့ လုပ်လာပါတယ်။ စင်ကာပူမှာ အစိုးရက ဖွင့်တဲ့ စင်ကာပူပူးလ် ဆိုတဲ့ ထီဆိုင်မှာ ဘောလုံးပွဲလည်း လောင်းလို့ ရပါတယ်။ သူက စလိုက်တဲ့ ဘောလုံးပွဲ လောင်းတဲ့ ပိုးဟာ မကြာခင် တစ်အိမ်လုံးကို ကိုက်ပါတော့တယ်။ ဟိုလူက သွားလောင်း၊ ဒီလူက သွားလောင်းနဲ့ နောက်တော့ အိမ်မှာရှိတဲ့သူ အကုန်လုံး နီးပါး တပျော်တပါးကြီး ဘောလုံးပွဲ လောင်းကြပါတော့တယ်။

ဘောလုံးဆိုတာ အလုံးကြီးပါ။ ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်လို့ အတိအကျ ပုံသေတွက်လို့ မရပါဘူး။ အမှတ်အရဆုံး ပွဲကတော့ အမေရိကန်ရဲ့ အုပ်စုပွဲစဥ် နောက်ဆုံးပွဲပါ။ အမေရိကန်က အုပ်စုကနေ တက်ဖို့ သေချာနေပါပြီ။ သူနဲ့ ကန်မယ့် ပိုလန် အသင်းနဲ့လည်း ခြေက အတော် ကွာပါတယ်။ ကျွန်တော်တို့ အိမ်မှာ ဘောလုံးပွဲလောင်းရင် အချီကြီး ဝုန်းတတ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ အဲဒီနေ့က သူ ကျွန်တော်တို့နဲ့ အတူ ဘောလုံးပွဲ သွားလောင်းရင်း အမေရိကန် နိုင်မှာ အသေအချာပဲ ဆိုပြီး ဒေါ်လာ ၂၀၀ လောင်း ပါတယ်။ ဘောလုံးပွဲ လောင်းတဲ့ ဆိုင်က ကျွန်တော်တို့နေတဲ့ အိမ်ရဲ့ အောက်မှာတင် ရှိပါတယ်။

အိမ်ြပန်လာပြီးတော့ ကျွန်တော်တို့ တတွေ စကားတပြောပြော လုပ်နေတာနဲ့ ဘောလုံးပွဲ စကန်တာတောင် မသိလိုက်ပါဘူး။ စကန်ပြီး ၁၀မိနစ်လောက် နေမှ ဘောလုံးပွဲ စပြီကွ ဆိုပြီး တီဗွီကို ဖွင့်ကြည့်ကြပါတယ်။ တီဗွီကို ဖွင့်လိုက်တာနဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ ပါးစပ်က ဆဲသံ ထွက်လာတော့တာပါပဲ။ ၁၀ မိနစ်ပဲ ရှိသေးတယ်။ ပိုလန်က အမေရိကန်ကို ၂ ဂိုး သွင်းထား ပါပြီ။ ဒီလိုနဲ့ ရင်တမမနဲ့ ဘောလုံးပွဲကြည့်ရင်း နောက်ဆုံးတော့ ၃ ဂိုး ၁ဂိုးနဲ့ အမေရိကန် ရှုံးသွားပါတယ်။ ကျွန်တော့် သူငယ်ချင်းလည်း မျက်နှာကြီးကို ရှုံ့မဲ့နေတာပါပဲ။ ၂၀၀ လောက်တော့ ခါတိုင်းလည်း လောင်းနေတာပဲ။ တစ်ခါတစ်လေ ဘာဖြစ်သေးလဲ လို့ ကျွန်တော်တို့က ဝိုင်းပြောတော့ မဟုတ်ဘူးကွ။ ခုနက ငါတို့ ပြန်လာပြီးမှ ငါစိတ်ထဲမှာ နိုင်မှာ အသေအချာပဲ ဆိုပြီး နောက်ထပ် ၅၀၀ သွားထပ်လောင်းလာတာ။ အခုတော့ ၇၀၀ ထိသွားပြီ ဆိုပြီး ပြန်ပြောပါတယ်။

နောက်တော့ စင်ကာပူ ပူးလ်နဲ့ အားမရကြတော့ ပါဘူး။ စင်ကာပူပူးလ်က ပေးတဲ့ကြေးက တခြားဒိုင်တွေနဲ့ ယှဥ်ရင် နိမ့်ပါတယ်။ နောက်ပြီး အဲဒီတုန်းက စင်ကာပူပူးလ်မှာ အခုလို ဘောလုံးပွဲကို Live လောင်းလို့ မရပါဘူး။ ဒါနဲ့ ကျွန်တော်တို့အားလုံး အင်္ဂလန်ဒိုင် ဝီလီယမ်ဟေး ဘက်ကို ပြောင်းကြပါတယ်။ အွန်လိုင်းကနေ လောင်းကြတာပါ။ ဝီလီယမ်ဟေးမှာ ပေးတဲ့ကြေးက စင်ကာပူပူးလ်က ပေးတဲ့ ကြေးထက် အများကြီး ပိုမြင့်ပါတယ်။ အဲဒါအပြင် ဘောလုံးကန်နေတဲ့ အချိန် မိနစ် ၈၀ အထိ လောင်းလို့ ရပါတယ်။ မိနစ်ကြာလာတာနဲ့ အမျှ ကြေးလျော့လာတာပဲ ရှိပါတယ်။ ဘယ်သူ အနီကတ် ထိမလဲ၊ ဘယ်သူ ပထမဆုံး ဂိုးစသွင်းမလဲ ဆိုတာမျိုးတွေ အထိ အမျိုး စုံနေအောင် လောင်းလို့ ရပါတယ်။ ဒီလိုနဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ခရက်ဒစ်ကတ်ဒ်နဲ့ ဝီလီယမ်ဟေးမှာ အကောင့်ဖွင့်ပြီး အားလုံး ဝိုင်းလောင်း ကြပါတော့တယ်။

ဘောလုံးပွဲ မစခင်မှာ ကွန်ပြူတာ ရှေ့မှာ အားလုံးဝိုင်းပြီး လောင်းကြပါတယ်။ ဘောလုံးပွဲကန် နေတဲ့ အချိန်လည်း စိတ်ပါရင် ပါသလို လောင်းကြပါတယ်။ ပြီးမှ အားလုံး ပိုက်ဆံ စုရှင်း ကြပါတယ်။ အဲဒီနှစ်က ကံမကောင်းပါဘူး။ အဆုံးသတ်တော့ အားလုံး ထိကြပါတယ်။ နောက်ဆုံးနေ့ ဗိုလ်လုပွဲ ဘရာဇီး နိုင်မယ် ဆိုပြီး လောင်းတာတောင် ဒီအတိုင်း မလောင်းဘဲ ဂိုးပေါင်းတွေ လောင်းလို့ ရှုံးကြပါတယ်။

ကမ္ဘာ့ဖလားပွဲကြီး ပြီးတော့ တအိမ်လုံး ဘောလုံးမှန်တာနဲ့ အီဆိမ့် သွားကြပါတယ်။ အများဆုံး ရှုံးတဲ့သူက ဒေါ်လာ ၅ ထောင်နီးပါး ကနေ အနည်းဆုံး ဒေါ်လာ ၃၀၀ လောက်ထိ ရှုံးကြပါတယ်။ ကျွန်တော်တော့ နည်းနည်း ကံကောင်းသွားပါတယ်။ အဲဒီအချိန်က လက်ထဲ ပိုက်ဆံပြတ်နေတဲ့ အချိန်နဲ့ ကြုံလို့ အချီကြီး မလောင်း ဖြစ်တာနဲ့ ဘောလုံးပွဲ ပြီးလို့ စာရင်းချုပ်တော့ ၅ ဒေါ်လာ တိတိတောင် မြတ်လိုက်ပါသေးတယ်။ ဝီလီယမ်ဟေးမှာ အကောင့်ဖွင့် ထားတဲ့ ခရက်ဒစ်ကတ်ဒ်ကိုတော့ လကုန်တော့ ဘဏ်က ဝီလီယမ်ဟေးနဲ့ အရောင်းအဝယ် အားလုံးကို ပိတ်လိုက်လို့ နောက်လက စပြီး အွန်လိုင်းမှာ ဘောလုံးပွဲ လောင်းလို့ မရတော့ပါဘူး။

ကိုအောင် (ပျူနိုင်ငံ) က တစ်ပေးဖို့ Tagပေမယ့် ဘောလုံးပွဲနဲ့ အဆက်ပြတ်နေတာ အတော်ကြာပြီမို့ တစ်မပေးတော့ ပါဘူး။ ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး ပြန်သတိရတာတွေ ရေးလိုက်ပါတယ်။

Sunday, May 30, 2010

သိုးမည်းတစ်ကောင်ရဲ့ ပုံရိပ်

သူက ကျွန်တော်တို့ စာအုပ်ဆိုင်မှာ တခါတလေ စာအုပ် လာငှားတတ်တဲ့သူ တစ်ယောက်ပါ။ စာအုပ်လာ ငှားရင်လည်း ဘာသာပြန် စာအုပ်တွေ ဖတ်တာ များပါတယ်။ အဲဒီအချိန် ကတည်းက ဇော်ရည်တို့ ဂျေမောင်မောင်တို့ရဲ့ အခွေတွေမှာ သီချင်းရေးဆရာ အနေနဲ့ သူ့နာမည်ကို တွေ့ဖူးနေတာကြောင့် သူ့နာမည်က ကျွန်တော့် အတွက်တော့ သိပ်ပြီးတော့ မစိမ်းလှပါဘူး။ သူ့ပုံစံက ရိုးရိုးရှင်းရှင်းပါပဲ။ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားတတ်ပါတယ်။ မင်းကြီးလမ်း ပေါ်မှာ သူ့အရပ်ရှည်ရှည်နဲ့ ကားယားကားယား လျှောက်သွားနေတာကို အမြဲလိုလို တွေ့ရတတ်ပါတယ်။

တစ်နေ့တော့ ကျွန်တော်တို့ ဆိုင်ထဲမှာ ရပ်ပြီး ကျွန်တော့် အစ်ကိုနဲ့ အကြာကြီး စကားပြောနေတာ တွေ့လို့ သူ့ကို ကောင်းကောင်း သတိထားမိ သွားပါတယ်။ အဲဒီနေ့က သူအတော်လေး မူးနေပါတယ်။ သတိထားမိတဲ့ အကြောင်းကတော့ စကားပြောတဲ့ အချိန် မြန်မာလို တစ်ဝက် အင်္ဂလိပ်လို တစ်ဝက် ပြောနေတာမို့ပါ။ သူ အင်္ဂလိပ်စကား အတော်လေး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာကိုလည်း ကြည့်ရင်းနဲ့ အံ့အားသင့် နေပါတယ်။ တစ်နာရီလောက် စကားပြောပြီးတော့ သူပြန်သွားပါတယ်။ သူ့အကြောင်း အတွင်းကျကျ သိတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ရန်ကုန်တက္ကသိုလ်ကနေ ဒသနိကဗေဒနဲ့ မဟာဘွဲ့ ရထားတဲ့သူလို့ ပြောပြပါတယ်။ နောက်ပိုင်းတော့ ဆိုင်ကို တစ်ခါတစ်လေ လာတတ်ပေမယ့်လည်း သူ့ကို သိပ်မတွေ့ ဖြစ်တော့ပါဘူး။

တစ်ညနေတော့ ဆိုင်ဖွင့်ခါစ ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော် ဆိုင်ရှေ့မှာ ရပ်ပြီး စကား ပြောနေတုန်း သူ ရောက်လာပါတယ်။ ဆိုက်ကား တစ်စင်းပေါ်က ဆင်းလာပြီး လက်ထဲမှာ ပိုစတာတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ။ အရင်လို ပုံစံအတိုင်း ပါပဲ။ "ညီလေး။ အစ်ကို့အခွေ ကြော်ငြာကပ်ချင်လို့ကွာ။" ဆိုပြီးတော့ ပိုစတာ လှမ်းပေးပါတယ်။ သူအခွေ ထုတ်တော့မယ် ဆိုတဲ့ သတင်းတော့ ကြားထားပါတယ်။ သူ့သီချင်းတွေ ဘယ်လိုများ ရှိမလဲလို့လည်း စိတ်ထဲမှာ တွေးကြည့် မိပါတယ်။ ကျွန်တော်တို့လည်း သူ့လက်ထဲက ကြော်ငြာစာရွက်ကို ယူပြီး ဆိုင်တံခါးဝမှာ ကပ်ထား လိုက်ပါတယ်။

မကြာခင်မှာပဲ သူ့အခွေ ထွက်လာပါတယ်။ အခွေထွက်ပြီး တစ်ပတ် အတွင်းမှာပဲ ကျွန်တော်တို့ တစ်မြို့နယ်လုံး ဘယ်နေရာသွားသွား သူ့အခွေ ဖွင့်နေတာပဲ ကြားရပါတယ်။ မကြာခင်မှာတော့ ရန်ကုန် တစ်မြို့လုံး ဘယ်နေရာ သွားသွား ဒီသီချင်းသံပဲ ကြားရပါတယ်။ နောက်တော့ သူ့အခွေက မြန်မာတစ်နိုင်ငံလုံး တောရော မြို့ပါ မကျန် ပေါက်သွားပါတယ်။ အဲဒီအချိန်က ခွေးကို ခြေထောက်နဲ့ ပိတ်ကန်ရင်တောင် ကိန် လို့ မအော်ဘဲ တို့ကတော့ တို့ကတော့ လို့အော်တယ် ဆိုပြီးတော့တောင် ပြောစမှတ် တွင်ခဲ့ပါတယ်။ အဲဒီလောက် ဆိုရင် ကျွန်တော် ဆိုလိုချင်တဲ့သူ ဘယ်သူဆိုတာ သဘောပေါက် လောက်ပြီ ထင်ပါတယ်။ ကျွန်တော် ပြောပြနေတာ သိုးမည်းတွေ အကြောင်းသီချင်း၊ နေရာ စီးရီးခွေနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် ကိုဗဒင် အကြောင်းပါ။

ကိုဗဒင်ရဲ့ အခွေဟာ မကြုံဖူး လောက်အောင် ရောင်းအား ကောင်းခဲ့ပါတယ်။ ကက်ဆက်ခွေ ကာဗာကတ်ဒ် တစ်သိန်းနဲ့ သီချင်းစာအုပ် ငါးသိန်းရောင်းရတယ် ဆိုတာ ၁၉၉၄ ခုနှစ် ပတ်ဝန်းကျင်က တကယ့်ကို စံချိန်ပါပဲ။ သူ့ရဲ့ သီချင်းစာအုပ်ဆိုတာ ရိုက်လို့ မလောက်အောင်ပဲ ဘယ်နေရာမှာမှ ဝယ်မရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ကိုဗဒင်ကို အခွေထုတ်ပေးခဲ့တဲ့သူက သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်ရဲ့ အမေလို့ သိရပါတယ်။ ကိုဗဒင်ရဲ့ သူငယ်ချင်းကတော့ အခွေမထွက်ခင် အချိန်ကပဲ သေဆုံးသွားခဲ့တယ်လို့ ကြားခဲ့ရပါတယ်။

သိုးမည်းတွေ အကြောင်း သီချင်းကို အခွေမထွက်ခင် အချိန်ကတည်းက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အတော်များများ ကြားဖူးခဲ့ ကြပါတယ်။ အဲဒီသီချင်းက ကိုဗဒင်ရဲ့ ကိုယ်တွေ့ ဇာတ်လမ်း တစ်ပုဒ်လို့လည်း သိရပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တေပေ လေလွင့်နေတဲ့ အချိန်တုန်းက တစ်နေ့မှာ သူတို့ အရက်မူးပြီး အိမ်ပြန် လာကြပါတယ်။ ကိုဗဒင်ရဲ့ အိမ်က ရွာမ ဘုရားရှိခိုးကျောင်း ရှေ့က ဒေါနလမ်းထဲမှာ ပါ။ သူတို့ လမ်းထိပ်က အုတ်ခုံမှာ ဆေးလိပ် ထိုင်သောက်နေကြတုန်း ဘုရားကျောင်းထဲက လူတွေ အဝတ်အစားတွေ သစ်သစ်လွင်လွင်နဲ့ ထွက်လာတာ တွေ့မှ ပွဲတော်နေ့ဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန် သူ့ စိတ်ထဲမှာ ဖြစ်ခဲ့တဲ့ ဖီလင် အပေါ်မှာမူတည်ပြီး သိုးမည်းတွေ အကြောင်းကို ရေးဖြစ်ခဲ့တာလို့ သိရပါတယ်။

နိုင်ငံကျော် အဆိုတော် ဖြစ်သွားပေမယ့်လည်း သူ့ပုံစံက အရင်အတိုင်းပါပဲ။ အရင်လို တောင်သူကုန်းထဲက ထန်းရည်ဆိုင်မှာ ထန်းရည်သောက်တုန်းပါပဲ။ ဆိုက်ကားတစ်စီးနဲ့ လျှောက်သွားနေတုန်းပါပဲ။ တစ်ခါတစ်လေ အင်းစိန် ဆေးရုံရှေ့က Diet Day အအေးဆိုင်မှာ ဘီယာတွေ တစ်ဗူးပြီး တစ်ဗူး ထိုင်သောက် နေတာ တွေ့ရတုန်းပါပဲ။ လမ်းတွေ့လို "ကိုဗဒင်ကြီး။ အေးဆေးပဲလား။" လို့ မေးရင် "အေး။" ဆိုပြီး ပြုံးပြီး ပြန်ဖြေတတ်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် အပြောအရတော့ သူတို့ တောင်သူကုန်းထဲမှာ ဘောလုံးကန်နေတဲ့ အချိန် ကိုဗဒင် ရောက်လာပြီး မူးမူးနဲ့ ငါဂိုးဖမ်းမယ်ကွာ ဆိုပြီး ယိုင်တိုင်ယိုင်တိုင်နဲ့ ဂိုးဝင်ဖမ်း သွားသေးတယ် ပြောပါတယ်။

အဲဒီတုန်းက ကျွန်တော်တို့ အိမ်ကို နယ်ကလာတဲ့ ဧည့်သည်များ ကိုဗဒင်ကို တွေ့ဖူးချင်လို့ ဆိုပြီး ပြောကြပါတယ်။ ကျွန်တော်က သူနဲ့ လမ်းမှာ တွေ့တဲ့အချိန် အဲဒါ ကိုဗဒင်ပဲ လို့ ပြတော့ သူတို့ မယုံကြပါဘူး။ ဟုတ်ပါ့မလားဟယ်လို့ ပြန်ပြီး မေးကြပါတယ်။ ဟုတ်ပါတယ်။ သူ့ပုံစံက အရင်ကတည်းက အဲဒီအတိုင်းပဲ။ လို့ ပြောတော့ သူတို့တွေ အတော်လေး အံ့သြကြပါတယ်။

နောက်ပိုင်း နည်းနည်း ကြာလာတော့ ကိုဗဒင်ကို အရင်လို မူးနေတာ မတွေ့ရတော့ပါဘူး။ အရက် ဖြတ်လိုက်တယ်လို့ သတင်းသဲ့သဲ့တော့ ကြားလိုက်ရပါတယ်။ ပထမအခွေ ထွက်ပြီး အတော်လေး ကြာတဲ့ အထိ ဒုတိယ အခွေ ထွက်မလာပါဘူး။ ဒုတိယ အခွေထွက်လာတဲ့ အချိန် ပထမ အခွေလောက် မအောင်မြင် ပေမယ့်လည်း အတော်အသင့်တော့ အောင်မြင်လိုက် ပါတယ်။ နောက်တော့ သူ ဆုံးသွားပြီ ဆိုတဲ့ သတင်း ကြားရပါတယ်။ အဲဒီ သတင်း ကြားရတဲ့အချိန်တော့ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ပါရမီရှိတဲ့ ဂီတသမား တစ်ယောက် ကြွေလွင့်သွားတာမို့ နှမြောတာလည်း ပါသလို ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှု ကင်းတဲ့ အနုပညာရှင် တစ်ယောက် ဆုံးပါး သွားတဲ့ အတွက် စိတ်မကောင်း ဖြစ်တာလည်း ပါပါတယ်။

ဒါကတော့ ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့ဖူးတဲ့ ကိုဗဒင်ရဲ့ ပုံရိပ်ပါပဲ။ ကိုဗဒင် အကြောင်း ရေးထားတဲ့ စာတွေ မတွေ့မိလို့ အမှတ်တရ အနေနဲ့ ရေးလိုက်ပါတယ်။

Friday, May 28, 2010

ဗျတ်ဝိဗျတ္တ For Dummies

One day မှာ လေကြီးမိုးကြီး အုန်းဒိုင်းတော့ တနင်္သာရီ ကမ်းရိုးတန်းမှာ သင်္ဘောတစ်စီး ပျက်ပါတယ်။ အချိန်က ပုဂံခေတ် ဆိုတော့ ကြေးနန်းတွေ တယ်လီဖုန်းတွေ မရှိသေးတဲ့အတွက် သင်္ဘောပျက်ရင် SOS တွေ၊ မေဒေးတွေ ခေါ်လို့ မရပါဘူး။ ဟယ်လီကော့ပတာနဲ့ လာကယ်မယ့် သူလည်း မရှိပါဘူး။ အဲဒါကြောင့် အိန္ဒိယ သင်္ဘောသား မှတ်ပုံတင် ကိုင်ထားတဲ့ ဗျတ်ဝိနဲ့ ဗျတ္တဆိုတဲ့ သင်္ဘောသီး နှစ်ယောက်ဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ မျောလာကြ ပါတယ်။ သူတို့ ညီအစ်ကို နှစ်ယောက်ကို တွေ့တော့ သထုံက ဘုန်းကြီး တစ်ပါးက ကယ်ဆယ်ထားလိုက်ပါတယ်။

အဲဒီတုန်းက အခုခေတ်လို ပိုက်ဆံတောင်းမယ့် လဝက လည်း မရှိ၊ အိန္ဒိယကို ပြန်ဖို့ ဖလိုက်လည်း မရှိတာကြောင့် သူတို့ နှစ်ယောက်ဟာ သထုံမှာပဲ အိုဗာစတေးနဲ့ နေနေကြပါတယ်။ ဘုန်းကြီးက သူတို့ကို LTLT (လက်တိုလက်တောင်း) နဲ့ TTMY (တောက်တိုမယ်ရ) ရာထူး အသီးသီးနဲ့ ဘုန်းကြီးကျောင်းမှာ အလုပ် ခန့်ထားလိုက် ပါတယ်။

တစ်နေ့တော့ ဘုန်းကြီးက တောထဲကို သစ်သီးသစ်ဥတွေ ရှာဖို့ သွားတဲ့အချိန် ဗျတ်ဝိဗျတ္တ ညီအစ်ကို ကို ခေါ်သွားပါတယ်။ တောထဲရောက်တော့ သစ်ပင်ပေါ်မှာ ဘဲကင်လို အနံ့မွှေးပြီး အရောင် တဝင်းဝင်းနဲ့ ထူးထူးဆန်းဆန်း အရာတစ်ခုကို တွေ့တော့ ဗျတ်ဝိဗျတ္တ ညီအစ်ကိုက ဘုန်းကြီးကို အဲဒါဘာလဲ လို့မေးကြပါတယ်။

ဘုန်းကြီးက အဲဒါ ဇော်ဂျီဖိုဝင်သား ဖြစ်တဲ့အကြောင်း၊ ဇော်ဂျီဆိုတာ စူပါမင်းနဲ့ Ratman ပေါင်းထားတာ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။ စူပါမင်းလို မိုးပျံလို့ ရသလို ကြွက်လိုလည်း မြေလျှိုးလို့ ရလို့ပါ။ ဇော်ဂျီဖြစ်ဖို့ ကျောက်ဖျာပေါ်မှာ ဆေးကြိတ်ရတယ်။ ပြီးရင် ဥုံဖွနဲ့ ဂါထာမန္တာန်တွေ ရွတ်ရတယ်။ ဇော်ဂျီဖြစ်သွားရင်တော့ အသက်က နှစ်ပေါင်းထောင်နဲ့ချီ ရှည်တဲ့ အကြောင်း၊ ကောင်မလေးတွေ လိုချင်ရင်လည်း စင်တင်တေးဂီတမှာ ပန်းကုံးတွေ အများကြီး စွပ်ပြီး သွားလျော်စရာ မလိုဘဲ တောင်ဝှေးနဲ့ သစ်ပင်ပေါ်က သူယောင်သီးတွေကို လိုက်ထိုးရုံသာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ အခု ဇော်ဂျီဖိုဝင်သား ဆိုတာက လူကနေ ဇော်ဂျီ အဖြစ် ပြောင်းသွားတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ အခွံဖြစ်တဲ့ အကြောင်းလည်း ပြောပြပါတယ်။

ဘုန်းကြီးက အဲဒီ ဇော်ဂျီဖိုဝင်သားကို စားရင် ဟာကြူလီလို အားရှိမယ်၊ လက်နက်အမျိုးမျိုးကို ပီး စေမယ်ဆိုတာ သိလို့ အချိန်ကောင်း အခါကောင်းမှာ စားဖို့အတွက် ဘုန်းကြီးကျောင်းကို ပြန်သယ်လာဖို့ ဗျတ်ဝိဗျတ္တကို ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် ဘုန်းကြီး အိပ်ပျော်နေတဲ့အချိန်မှာ ဟိုညီအစ်ကို နှစ်ယောက်က
ဇော်ဂျီ ဖိုဝင်သားရဲ့ မွှေးလွန်းတဲ့ အနံ့ကြောင့် မအောင့်နိုင်တော့ဘဲ အမုန်းဆွဲ လိုက်ကြပါတယ်။ ဇော်ဂျီဖိုဝင်သားကို စားအပြီးမှာတော့ သူတို့ နှစ်ယောက်ဟာ သာမန် မဟုတ်တော့တာကို သတိထားမိပါတယ်။ ခုန်လိုက်ရင် လေထဲကို အမြင့်ကြီး ရောက်သွားသလို သစ်ပင်ကို မှီလိုက်ရင် သစ်ပင်က လဲကျသွားပါတယ်။ နောက်ဆုံး ဘုန်းကြီးကျောင်းကို မလိုက်ရင်တောင်မှ ဘုန်းကြီးကျောင်းက သူတို့လက်ထဲမှာ ကစားစရာ တစ်ခုလိုပါလာတာကို တွေ့ရပါတယ်။ အဲဒီတော့ ဗျတ်ဝိကဗျတ္တနဲ့ တိုင်ပင်ပြီး ဘုန်းကြီးကျောင်းကို ပြောင်းပြန်လှန်ထား ကြပါတယ်။ ဘုန်းကြီး အိပ်ရာကနိုးတော့ သူ့ကျောင်း ပြောင်းပြန်လှန်နေတာ တွေ့ရတဲ့အတွက် ဟိုနှစ်ယောက်တော့ သူ့ကို ကျော်သွားပြီ ဆိုတာ သိလိုက်ပါတယ်။ ဒါပေမယ့်လည်း လွန်သွားပြီမို့ ဘာမှမတတ်နိုင်တော့ပါဘူး။

နောက်တော့ ဗျတ်ဝိနဲ့ ဗျတ္တကို တခြားလူတွေက ဝိုင်းကြပ်ပေးကြလို့ သူတို့နှစ်ယောက်ဟာ နာမည်ကြီး လူဆိုးဗိုလ်တွေ ဖြစ်လာကြပါတယ်။ သထုံက မနူဟာ ဘုရင်ကလည်း ဗျတ်ဝိဗျတ္တကို မိရင် လှအဉ္ဇလီတင့်နဲ့ ဘာလီကျွန်းကို အလည်ပို့ပေးမယ် ဆိုပြီး တီဗွီမှာ ကြော်ငြာတာတောင်မှ သူတို့ကို ဖမ်းနိုင်တဲ့သူ မရှိပါဘူး။ ဒါနဲ့ စစ်သူကြီးက ဗျတ်ဝိဗျတ္တကို ဖမ်းဖို့ အကြံအဖန် လုပ်ပါတယ်။ အဲဒီလိုနဲ့ စုံစမ်းတော့ မြို့ထဲမှာ ဗျတ်ဝိ အပီအပြင် လျော်နေတဲ့ မအိုဇာဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတဲ့ အကြောင်းနဲ့ ညဖက်ဆိုရင် ဗျတ်ဝိ အဲဒီ ကောင်မလေး ဆီကို လာပြီး ကြူတတ်တဲ့ အကြောင်း သတင်းရသွားပါတယ်။

စစ်သူကြီးကသူ့ရဲ့ ပညာရှိနဲ့ တိုင်ပင်တော့ ပညာရှိက ဗျတ်ဝိကို ဘုန်းနိမ့်သွားအောင် သူလာမယ့်လမ်းမှာ ထမိန်ကြိုးတန်း တန်းထားဖို့ အကြံပေးပါတယ်။ ညဘက်ရောက်တော့ ဗျတ်ဝိက သူ့ကို ထောင်ချောက် ဆင်ထားတာ မသိလို့ ထုံးစံအတိုင်း လာရာလမ်းကနေ လာပါတယ်။ ထမိန်ကြိုးတန်းအောက်ကို ဖြတ်ပြီးတော့ သူ့တကိုယ်လုံး ယားလာတော့ အေကိုက်ပြီလား မသိဘူးလို့ တွေးလိုက်မိပါတယ်။ အဲဒီအချိန်မှာပဲ စစ်သူကြီး ရဲ့လူတွေက ဗျတ်ဝိကို ဆွဲစိလိုက်ပါတယ်။ ဗျတ်ဝိလည်း အလွတ်ရုန်းဖို့ ကြိုးစားပေမယ့် မရတဲ့ အတွက် အစိခံလိုက်ရပါတယ်။

စစ်သူကြီးရဲ့ လူတွေက ဗျတ်ဝိကို တုတ်နဲ့ရိုက် ဓားနဲ့ခုတ် ဝိုင်းပြီး သမကြပေမယ့် ဗျတ်ဝိရဲ့ ကိုယ်မှာ အစင်းရာတောင် ထင်အောင် မလုပ်နိုင်ပါဘူး။ ဗျတ်ဝိက ပျင်းတောင် ပျင်းသေးတယ် ဆိုပြီး တွံတေးသိန်းတန် သီချင်းတောင် ဆိုပြလိုက် ပါသေးတယ်။ ဗျတ်ဝိမှာ တန်ခိုးတွေ ပျောက်သွားပေမယ့် သူ့ရဲ့ စိတ်ကို တင်းထားတဲ့အတွက် ဘယ်လိုမှ သတ်လို့ မရပါဘူး။ ဗျတ်ဝိ စိတ်ကိုလျှော့လိုက်မှ ရမယ်ဆိုပြီး စစ်သူကြီးရဲ့ ပညာရှိက ပြောပါတယ်။

စစ်သူကြီးကလည်း အကြံအဖန် အတော်များပါတယ်။ သူက ဗျတ်ဝိကို ပုံပြင်တွေ ပြောပါတယ်။ "မင်းချစ်ချစ် မအိုဇာကတော့ မင်းကို သစ္စာဖောက် သွားပြီ။ သူ့ကို ဘုရင်က သူ့နန်းတော်ထဲမှာ ရှိတဲ့ ကြိုက်တဲ့သူရွေး။ ပေးစားမယ်လို့ ပြောထားလို့ အခုရွစိတက် နေပြီ။" ဆိုတော့ ဗျတ်ဝိက "မင်းငါ့ကို လာပြီး ဂျင်းမထည့်နဲ့။ မရဘူး။" လို့ ပြန်ပြောပါတယ်။ မြို့ဝန်က "မင်းကို ဖိန့်နေတာ မဟုတ်ဘူး။ မင်းချစ်ချစ်က မင်းကို မာလကီးယား သွားစေချင်နေပြီ။ ငါတို့ ဆီမှာ ထုံးစံရှိတယ်။ သေမယ့်သူကို ကွမ်းတယာ ရေတမှုတ် ပေးရတယ်။ မင်းကို မအိုဇာက ကွမ်းတယာ ရေတမှုတ် လာပေးလိမ့်မယ် မယုံရင် ကြည့်နေ" ဆိုပြီး ပြောပါတယ်။ ဗျတ်ဝိလည်း စစ်သူကြီး ဆီက စကားကို ကြားတော့ ရက်ဘစ်ထင် ကက်ထင်တွေ ဖြစ်သွားပါတယ်။

စစ်သူကြီးက မအိုဇာကိုတော့ "နင့်ဘဲကြီးကို ဘုရင်က လွှတ်ပေးလိုက်ပြီ။ အဲဒါ နင့်ကို စောင့်နေတယ် သွားတွေ့လိုက်" ဆိုပြီး ပြောပါတယ်။ မအိုဇာလည်း ပျော်သွားပြီး ဗျတ်ဝိဆီကို အမြန်သုတ် ပါတယ်။ စစ်သူကြီးက မအိုဇာ သွားခါနီးမှ "ဒီအတိုင်း လက်ချည်းပဲ သွားတော့ မလို့လား။ ငါ့ဆီမှာ နိုင်တီတူးနဲ့ ယာထားတဲ့ ကွမ်းယာ ရှိတယ်။ အလယ်ပိုင်း (Alpine) သောက်ရေသန့် လေးနဲ့ အတူ ယူသွားဦးလေ။" ဆိုတာနဲ့ မအိုဇာက အူကြောင်ကြောင်နဲ့ မြို့ဝန်ကမ်းပေးလိုက်တဲ့ ကွမ်းတယာ ရေတမှုတ်ကို ယူသွားပါတယ်။

မအိုဇာ ကွမ်းတယာ ရေတမှုတ်နဲ့ လာနေတာ တွေ့တော့ ဗျတ်ဝိမှာ ဟတ်ထိသွားပါတယ်။ သူ့ကို သတ်တောင် မသတ်လိုက်ရပါဘူး။ သူ့ရဲ့ နှလုံးသားက ဝုန်းကနဲ ပေါက်ထွက်သွားပြီး အဲဒီနေရာမှာတင် ကြွသွားပါတယ်။ ဗျတ်ဝိမှာ သေတာတောင် သာသာယာယာ မရှိပါဘူး။ ဘုရင်က သူ့ခန္ဓာကိုယ်ကို လေးပိုင်း ဖြတ်ပြီး မြို့ထောင့်မှာ မြှုပ်ထားပါတယ်။ အဲဒါအပြင် မြို့ရိုးကိုလည်း သူ့ရဲ့သွေးတွေနဲ့ ဖျန်းထားပါတယ်။ အစောင့်အကြပ် ထားတဲ့ သဘောပါပဲ။

ဗျတ်ဝိရဲ့ သတင်းကို ကြားတော့ ဗျတ္တလည်း မဖြစ်ချေဘူး ဆိုပြီးတော့ ပုဂံကို စတေးရှောင်သွားပါတယ်။ ဗျတ်ဝိသေတာ ဘယ်လို ခံစားရသလဲ လို့ မေးမယ့် သတင်းထောက်တွေတောင် ဖမ်းလို့ မမိလိုက် ပါဘူး။ ပုဂံရောက်တော့ အနော်ရထာဘုရင် ဆီမှာ ဝင်ပြီး အမှုထမ်း ပါတယ်။ အနော်ရထာက ဗျတ္တကို Undercover အေးဂျင့်အနေနဲ့ ပုပ္ပားကို လွှတ်လိုက်ပါတယ်။ ပုပ္ပားမှာ အနော်ရထာရဲ့ လူတွေကို မြင်းစီးနဲ့ အတိုက်အခိုက်တွေ သင်ပေးဖို့ပါ။ ဒါပေမယ့် လူရှိန်အောင်လို့ ဗျတ္တရဲ့ တာဝန်ဟာ ပုဂံမှာ ရှိတဲ့ မိဖုရားတွေ အတွက် ပန်းဆက်ဖို့လိုပဲ သတင်းလွှင့် ထားပါတယ်။ ဗျတ္တ ပုဂံကနေ ပုပ္ပားကို သွားတဲ့လမ်းကို အခုခေတ် ဗျတ္တပန်းဆက်လမ်းလို့ ခေါ်ကြပါတယ်။

အဲဒီလိုနဲ့ ဗျတ္တဟာ ပုပ္ပားကို သွားရင်း ပုပ္ပားတောင်က ပန်းပွင့်တွေ ကြားထဲမှာနေတဲ့ ဘီလူးမလေး မယ်ဝဏ္ဏကို အီစီကလီ သွားရိုက်ပါတယ်။ နောက်တော့ ဗျတ္တနဲ့ မယ်ဝဏ္ဏတို့ ညိသွားကြပြီး သား ၂ယောက် မွေးပါတယ်။ အနော်ရထာက သူတို့ရဲ့ သားနှစ်ယောက်ကို ရွှေအိုး တစ်လုံးစီ ချီးမြှင့်တဲ့အတွက် ရွှေဖျဥ်းကြီး ရွှေဖျဥ်းငယ် လို့ အမည်တွင်ပါတယ်။

ဒီလိုနဲ့ နောက်တော့ အနော်ရထာဘုရင် သထုံကို သွားတိုက်ဖို့ ပြင်ပါတယ်။ အနော်ရထာရဲ့ တပ်ဟာ ဗျတ်ဝိရဲ့ ဝိညာဥ် စောင့်နေတဲ့ မြို့ရိုးကို ဘယ်လိုမှ ကျော်လို့ မရပါဘူး။ မြို့ရိုးကို ကျော်ဖို့ ကြိုးစားတဲ့ သူတိုင်း ဗျတ်ဝိရဲ့ ဝိညာဥ်က ဆီးပြီး သမလို့ အကုန်လုံး လန်ပြီး ပြန်လာရပါတယ်။ အဲဒီတော့ ဘုရင်က သထုံကို ကျွမ်းတဲ့ ဗျတ္တကို စပိုင်အနေနဲ့ လွှတ်ပါတယ်။ ဗျတ္တက သူ့ရဲ့ မတော်လိုက်ရတဲ့ မရီးကနေ တဆင့် စုံစမ်းတော့ မြို့ရိုးကို ဗျတ်ဝိရဲ့ သွေးတွေနဲ့ ဖျန်းပြီး အစောင့်အကြပ်လုပ်ခိုင်းထားတယ် ဆိုတာကို သိလိုက်ရပါတယ်။ တစ်နေ့တော့ ဗျတ္တ မြို့ရိုးနားမှာ ညဘက် လမ်းသလား နေတုန်း သူ့အစ်ကို ဗျတ်ဝိရဲ့ ဝိညာဥ်နဲ့ တွေ့ပါတယ်။ ဗျတ်ဝိက "ငါလည်း မတတ်နိုင်ဘူး။ သထုံဘုရင်က ငါ့ကို စောင့်ခိုင်းတော့ စောင့်ရမှာပဲ။ ဒါပေမယ့် မြို့ရိုးမှာ ငါ့သွေးနဲ့ မထိတဲ့ ကြက်မတဝပ်စာ နေရာ ရှိတယ်။ အဲဒီနေရာကနေ ဝင်တိုက်ရင်တော့ ရမယ်။" လို့ လက်ထောက်ချ လိုက်ပါတယ်။ ဗျတ်ဝိရဲ့ အကြံပေးချက် အတိုင်း အဲဒီနေရာကနေ တစ်ဆင့် မြို့ရိုးကို တိုက်တော့ သထုံကို သိမ်းပိုက်နိုင် လိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်း မလှစွာပဲ သထုံမြို့သိမ်း တိုက်ပွဲမှာ ဗျတ်တ္တတစ်ယောက် ကြွသွားပါတယ်။

အဲဒါကတော့ မင်းကြီး မင်းလေးရဲ့ ဒက်ဒီဖားသား ဗျတ္တနဲ့ သူ့ရဲ့ အစ်ကို ဗျတ်ဝိတို့ရဲ့ ဒဏ္ဍာရီပါ။ ဒေါ်ခင်မျိုးချစ်ရဲ့ တောင်ပြုံးအကြောင်း အက်ဆေးနဲ့ ဦးကုလား မဟာရာဇဝင်ကြီးကို ကိုးကား ထားပါတယ်။

Sunday, May 23, 2010

လူပျိုသိုးကြီးများ သိဖို့ကောင်မလေးတို့အကြောင်း (၂)

လူပျိုသိုးကြီးများ သိဖို့ ကောင်မလေးတို့ အကြောင်းကို နောက်တစ်ပိုင်း ဆက်ရေး လိုက်ပါဦးမယ်။ လူပျိုသိုးကြီး ဆိုတာ ရည်းစား တစ်ခါမှ မထားဖူးသေးတဲ့ သူများကိုပဲ ရည်ညွှန်းပါတယ်။ ရည်းစား တစ်ဒါဇင်လောက် ထားဖူးပြီး လူပျိုကြီး ဖြစ်နေတဲ့သူများ မပါပါဘူး။

လူပျိုကြီးတွေက ရည်းစားတစ်ခါမှ မထားဖူးတဲ့ ကိစ္စကို ဂုဏ်ယူစရာ ကိစ္စတစ်ခု အနေနဲ့ ကောင်မလေးတွေ ရှေ့မှာ အသားယူ ပြောတတ်ကြ ပါတယ်။ ဒါပေမယ့်လည်း အဲဒါက ဂုဏ်ယူစရာ ကိစ္စမဟုတ်ပါဘူး။ ကောင်မလေးတွေက ဒီအရွယ်ကြီးထိတောင် ရည်းစားမရဖူးဘူး ဆိုရင်တော့ တခုခု လွဲနေလို့ ဖြစ်မယ်လို့ တွေးကြပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်တော့ "ဒီအရွယ်ကြီးထိတောင် ရည်းစားမထားဖူးဘူး။ ဟုတ်လား။ တုံးလိုက်တာ။" လို့ အားမနာတတ်တဲ့ ကောင်မလေး တစ်ယောက်က တည့်တည့်ကြီး ဆော်ထည့် လိုက်မှပဲ အဲဒါ ဂုဏ်ယူစရာ ကိစ္စမဟုတ်ဘူး ဆိုတာ သိရှာပါတယ်။ ဘယ်သူမှ မကြိုက်တဲ့သူကို ဘယ်လောက်ကြီး Perfect ဖြစ်နေပေစေ သူတို့လည်း မကြိုက်ချင်တာ အမှန်ပါပဲ။

ကောင်မလေးတွေဘက်က ဒီလူကြီး ငါမှ ပြန်မကြိုက်ရင် ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူး ဆိုတဲ့ စိတ်မျိုး ဝင်မသွားဖို့ အရေးကြီး ပါတယ်။ အဲဒီလို ထင်သွားရင်တော့ ရှေ့လျှောက် လှုပ်ရှားရတာ ခက်ပါလိမ့်မယ်။ ကိုယ့်မှာ ရည်းစားမရှိဖူးရင်တောင် ကိုယ့်ကို လိုက်ကြိုက်ဖူးတဲ့ ကောင်မလေးတွေ အကြောင်း အသားယူပြီး ပြောလို့ ရပါတယ်။ ကိုယ့်ဘေးနားက ကောင်မလေးတွေ ကိုယ့်ကို ကြိုက်နေတဲ့ ပုံစံ ဖမ်းလို့ ရပါတယ်။ သူတို့ စိတ်ထဲမှာ ဪ သူရည်းစားမရတာ အကြောင်းမတိုက်ဆိုင်လို့ပါ။ ကြိုက်မယ့်သူ မရှိလို့ မဟုတ်ပါလား ဆိုတာမျိုး ထင်နေဖို့ လိုပါတယ်။ အလွန်အကျွံတော့ မကြွားမိဖို့ သတိထားပါ။ ဖောတာ လွန်သွားရင်လည်း ငကြွားကြီးဆိုပြီး အမြင်ကတ် သွားပါလိမ့်မယ်။

အဲဒါကြောင့်မို့ ရည်းစားထားဖူးတဲ့သူများ ကိုယ့်ရဲ့ အရင်ရည်းစားတွေ အကြောင်း ဒါမှမဟုတ်ရင် ကိုယ်ကြိုက်ခဲ့ဖူးတဲ့ ကောင်မလေးတွေ အကြောင်း ကောင်မလေးကို အိတ်သွန်ဖာမှောက် လျှောက်ပြော ရမယ်လို့လည်း မယူဆ စေချင်ပါဘူး။ အဲဒီလို အကြောင်းတွေ ကောင်မလေးကို ခရေစေ့တွင်းကျ ပြောမိရင် သူနဲ့ ရည်းစားဖြစ်သွားတဲ့ အချိန်မှ ကိုယ့်သေတွင်းကိုယ် တူးခဲ့မိပါလား ဆိုပြီး နောင်တရပါလိမ့်မယ်။

နောက်တစ်ခုကတော့ လူပျိုကြီးများ ကောင်မလေးတွေ ကြိုက်အောင် ဣန္ဒြေ သိက္ခာကြီး တစ်ခွဲသားနဲ့ နေရမယ်လို့ ထင်ကြတာပါ။ တစ်ချို့ကတော့ သမာဓိပိုး ပိုးတယ် ခေါင်းစဥ်တပ် ကြပါတယ်။ အဲဒီနည်းက မဖြစ်နိုင်ဘူးလား ဆိုတော့ ဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ Brad Pitt တို့ ကိုရီးယားမင်းသား Rain တို့လို ရုပ်ရည်မျိုး ရှိနေရင်ပေါ့။ ဒါမှ မဟုတ်ရင် ကောင်မလေးက ကိုယ့်ကို သေလောက်အောင် ကြိုက်နေရင်တော့လည်း တစ်မျိုးပေါ့။ အဲဒီလိုမှ မဟုတ်ရင်တော့ မစဥ်းစားပါနဲ့။ ရုပ်တည်ကြီး လုပ်လေလေ ရည်းစားရဖို့ ဝေးလေလေပါပဲ။ မျက်နှာပြောင်ရဲရင် ရည်းစားရဖို့ ပိုပြီး နီးစပ်ပါတယ်။ သိက္ခာကျတာတွေ ဘာတွေ ထည့်တွက် မနေပါနဲ့။ သိပ်ပြီးတော့ အလွန်အကျွံ မျက်နှာမပြောင်ဖို့တော့ လိုပါတယ်။ သိပ်အလွန်အကျွံ လုပ်ရင်လည်း ကောင်မလေးတွေ ချဥ်သွား တတ်ပါတယ်။

ကောင်မလေးရဲ့ ပါးစပ်က ချစ်တယ် ဆိုတဲ့ စကားကို အလွယ်တကူ ထွက်လာဖို့ မမျှော်လင့်ပါနဲ့။ တချို့ ကောင်မလေးများ ရည်းစားဖြစ်ပြီး ၂ လလောက် ကြာတဲ့အထိ မပြောကြပါဘူး။ ချစ်တယ်ဆိုတဲ့ စကားကြားရဖို့ အရေးမကြီးပါဘူး။ အဲဒီစကား မကြားရဘဲ နဲ့လည်း ရည်းစားဖြစ်အောင် လုပ်လို့ ရပါတယ်။ကောင်မလေးတွေက ပြန်ကြိုက်ဖို့ မကြိုက်ဖို့ ကိစ္စကို သူတို့ဘာသာ သူတို့ ဘယ်တော့မှ မသေချာပါဘူး။ အတော်များများက ရည်းစား ဖြစ်ပြီးရင်တောင်မှ ဒီလူကို ငါကြိုက်တာ မှန်ရဲ့လား ဇဝေဇဝါ ဖြစ်နေတတ်တာ မျိုးပါ။ အဲဒီတော့ သူတို့ဘာသာ သူတို့ သေချာသွားအောင် ကိုယ်က အကူအညီ ပေးရပါတယ်။ နိမိတ်ပြ လမ်းကြောင်းပြ စကားတွေ ကြုံရင် ကြုံသလို ရူးချင်ယောင်ဆောင်ပြီး ပြောပေးဖို့ လိုပါတယ်။

တစ်ချို့ လူပျိုကြီးများ ရည်းစားမရတဲ့ အကြောင်းကတော့ ရွေးလွန်းလို့ပါ။ ကောင်မလေးကို ရည်းစားစကား မပြောခင် ကတည်းက ဒီကောင်မလေးနဲ့ ငါနဲ့ ဖြစ်မှဖြစ်ပါ့မလား တွေးပြီး စိတ်ကူးထဲမှာ ကလေး ၂ ဒါဇင်လောက်ရတဲ့ အထိ တမျှော်တခေါ် တွေးကြပါတယ်။ ဒီကောင်မလေးနဲ့ ယူလို့ဖြစ်မဖြစ် လေ့လာပြီးမှ ရည်းစားစကား ပြောမယ်ဆိုပြီး တွေးတဲ့သူလည်း ရှိပါတယ်။ ကောင်မလေး တစ်ယောက်နဲ့ ရည်းစား မဖြစ်ခင် သူနဲ့ တသက်လုံး အဆင်ပြေမပြေ ဆိုတာ သိနိုင်ဖို့ မလွယ်ပါဘူး။ ရည်းစားမဖြစ်ခင်တုန်းက စိတ်ဓာတ်မာ လိုက်တာလို့ သိထားတဲ့ ကောင်မလေး တစ်ယောက်က ရည်းစားဖြစ်ပြီးတဲ့ အချိန် အတွင်းစိတ်က အလွန်ပျော့နေတာမျိုး သိရတတ်ပါတယ်။ အဲဒီလိုပဲ လူတိုင်းကို သဘောကောင်းတဲ့ ကောင်မလေးက ရည်းစားကိုမှ ကွက်ပြီး ပြသနာပေါင်းစုံ ပတ်ရှာနေတာမျိုးလည်း ဖြစ် တတ်ပါတယ်။ လူတိုင်းနဲ့ ပြသနာ လှည့်ပတ်ဖြစ်နေတဲ့ ကောင်မလေးက ရည်းစား တစ်ယောက်တည်းကိုပဲ ကွက်ပြီး ကောင်းနေတာ မျိုးလည်း ရှိတတ်ပါတယ်။ အဲဒါအပြင် သူတို့ရဲ့ ရည်းစားကိုပဲ ဖွင့်ပြောပြတတ်တဲ့ အကြောင်းတွေ ရှိပါတယ်။ အဲဒါမျိုးတွေကို မိတ်ဆွေ သူငယ်ချင်း အဖြစ်နဲ့ ဘယ်တော့မှ သိခွင့်ရမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ရည်းစားမဖြစ်မချင်း ကောင်မလေးနဲ့ အဆင်ပြေမပြေဆိုတာကို တွက်လို့ မရဘူးလို့ ပြောတာပါ။

ဒီတော့ပစ်က နည်းနည်း Sensitive ဖြစ်ပါတယ်။ တစ်ချို့ ကိစ္စတွေက အမှန်တရား ပေမယ့်လည်း ရေးလို့ မကောင်းပါဘူး။ ဥပမာ ကောင်မလေးတွေ အလိမ်ခံရတာ ကြိုက်တယ်။ သိသိကြီးနဲ့ အလိမ်ခံချင်တာလို့ ပြောရင် ကောင်မလေး ၁၀ ယောက်မှာ ၉ ယောက်က ငြင်းပါလိမ့်မယ်။ အဲဒီအထဲ တို့မပါဘူး။ တို့က ရိုးသားတာ ပွင့်လင်းတာပဲ ကြိုက်တယ် လို့ ပြန်ပြောကြ ပါလိမ့်မယ်။ ရိုးသားတာ ပွင့်လင်းတာကို ကြိုက်တယ်ဆိုတာတော့ လူတိုင်း ပြောကြတာပါပဲ။ ဒါပေမယ့် လူပျိုကြီး ဖြစ်နေတဲ့ သူတွေကို ကြည့်ရင် အဲဒီလို စကားကို တည့်တိုး ပြောတတ်တဲ့သူတွေ အများစု ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီတော့ သူတို့ အဲဒီလို လူမျိုးတွေကို တကယ် မကြိုက်ဘူး ဆိုတာ သိသာပါတယ်။

စကားဆိုတာ ချိုအောင် ပြောရင် မလိမ်ဘဲ ပြောလို့ မရပါဘူး။ အနည်းအကျဥ်းတော့ မုသား ထည့်ပြော ရတာပါပဲ။ ကောင်မလေးကို ကြွေနေတဲ့ အကြောင်း ပြောရင် အနည်းနဲ့ အများတော့ လိမ်ရပါတယ်။ ကြုံရင် ကြုံသလို ထည့်တတ်ဖို့ပဲ လိုပါတယ်။ ကိုယ်ညက အိပ်မပျော်ဘူးကွာ ဆိုရင် ကောင်မလေးက သူ့အကြောင်း စဥ်းစားနေလို့ ထင်ပါလိမ့်မယ်။ အဲဒီအချိန် ကြမ်းပိုးကလည်း တစ်ညလုံးကိုက်နေတာပဲလို့ မပြောဖို့ လိုပါလိမ့်မယ်။ ကြမ်းပိုးကိုက်လို့ အိပ်မပျော်တာ မှန်ပေမယ့် မင်းကိုကိုယ် တညလုံး သတိရနေတယ် ဆိုတာမျိုး ချော်လဲရောထိုင်တွေ လုပ်တတ်ဖို့ လိုအပ်လိမ့်မယ်။ တစ်ခါတစ်လေ တော့လည်း လိမ်မှန်း သူတို့ သိပါတယ်။ သိသိကြီးနဲ့ အလိမ်ခံချင်တာပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်လောက်ပါတယ်လေ ဆိုတာမျိုးနဲ့ သူတို့ စိတ်ထဲမှာ ကြည်နူးချင်နေတာပါ။ ဒါပေမယ့်လည်း တချိန်လုံး ဘတ်ကီးရိုက် နေလို့လည်း မဖြစ်ပါဘူး။ အဲဒီလို ဆိုရင်လည်း ကိုယ့်ကို ယုံကြည်မှု ရှိတော့မှာ မဟုတ်ပါဘူး။ ဗြောင်လိမ်ဗြောင်စားတွေတော့ ရှောင်ဖို့ လိုအပ်ပါလိမ့်မယ်။

ကောင်မလေးက ကိုယ့်ကို အရမ်းစွတ်ပြီး အထင်ကြီးနေရင်လည်း သူ့ဘက်က ပြန်ကြိုက်ဖို့ နည်းနည်း တွန့်နေ ပါလိမ့်မယ်။ အဲဒီတော့ ကိုယ်က သာမန် သူလိုငါလို လူတစ်ယောက်ဆိုတာ သိအောင် ပြောပြ ပေးရပါတယ်။ လူတိုင်းမှာ အားနည်းချက် ဆိုတာတော့ ရှိတတ်ပါတယ်။ ကိုယ်တစ်ခါတလေ အပျင်းကြီးတတ်တဲ့ ကိစ္စ အချိုအချောင် လိုက်တတ်တဲ့ ကိစ္စမျိုးကို ဖွင့်ပြောပြလို့ သူတို့ အထင်သေးသွားမှာ မဟုတ်ပါဘူး။ သူလည်း လူထဲကလူ တစ်ယောက်ပါလား ဆိုတာကို သိရင် ပြန်ကြိုက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

သိထားသမျှတွေကို မခြွင်း မချန်ဘဲ အကုန်ပြောပြ ထားပါတယ်။ ကျန်တာကတော့ ကိုယ့်အပိုင်းပါပဲ။ ညာဏ်ရှိသလို အသုံးချကြပါ။ သီအိုရီ ဆိုတာ လူတိုင်းအတွက်တော့ မမှန်ပါဘူး။ အခြေအနေ အချိန်အခါ ပေါ်မူတည်ပြီး သင့်တော်သလိုသာ စမ်းကြည့်ကြပါ။

သက်ဆိုင်သော ပို့စ်များ

လူပျိုသိုးကြီးများ သိဖို့ကောင်မလေးတို့အကြောင်း
ကြောင်စီကွေး လမ်းညွှန်
ကတ်သီးကတ်သတ် အတွေးများ