Search This Blog

Loading...

Tuesday, December 28, 2010

သိပ္ပံနည်းကျ မြန်မာစာ

ဗျည်း ၃၃လုံး ဇယား

အောက်က ဓာတ်ပုံနှစ်ပုံနဲ့ စာတွေကို ကိုငွေထွန်းရဲ့ Facebook ကနေ မလာပါတယ်။



မြန်မာစာဟာ လေ့လာသင်ကြားသူတွေ အတွက် သိပ္ပံနည်းကျ ဖြစ်တယ်ဆိုတာ ဒီဇယားကို လေ့လာကြည့်ရင် တွေ့ရပါ လိမ့်မယ်။ ဟ ထိုးကို လိုင်းတားထားတဲ့ အက္ခရာတွေနဲ့ပဲ တွဲလို့ ရပါတယ်။ တခြားအက္ခရာတွေနဲ့ တွဲလေ့ မရှိပါဘူး။



ပထမကော်လံက ဗျည်းတွေနဲ့ ပင့်ရစ်ဆွဲထိုး ဆိုတဲ့ သရတွေပေါင်းရင် ပြုလုပ်သူမပါဘဲ ဖြစ်တဲ့ ကြိယာတွေ ဖြစ်လာပါတယ်။ ဒုတိယကော်လံက ဗျည်းတွေနဲ့ ပင်ရစ်ဆွဲထိုး ဆိုတဲ့ သရတွေပေါင်းရင် ပြုလုပ်သူကြောင့်ဖြစ်တဲ့ ကြိယာတွေ ဖြစ်လာပါတယ်။

ဥပမာ - (ကျ နဲ့ ချ) ပစ္စည်းကျအောင် မောင်မောင်ကချထားခဲ့သည်။ (ကွဲနဲ့ခွဲ) အုန်းသီးကွဲအောင် ဓားနှင့်ခွဲရသည်။

အစိမ်းရောင် ကော်လံအချင်းချင်း ဆင့်လို့ ရပါတယ်။ အစိမ်းရောင်ကော်လံအောက်မှာ အနီရောင်ကော်လံ ဝင်ပြီး ပါဌ်ဆင့် ရေးလို့ ရပါတယ်။ အနီရောင်ကော်လံအောက်မှာ အစိမ်းရောင် ကော်လံကဝင်လို့မရပါဘူး။ နောက်ဆုံးကော်လံ အောက်မှာ အစိမ်းရောင်ရော အနီရောင်ရော ဝင်နိုင်ပါတယ်။
ဥပမာ - သတ္တိ၊ ဝတ္ထု၊ မန္တလေး၊ နန္ဒာ၊


ပင့်ရစ်ဆွဲထိုးနဲ့ ယူနီကုတ်

Unicode 4.0 မှာ မြန်မာစာက ယူနီကုတ် ဇယားထဲ စပြီး ပါလာပါတယ်။ ဒါပေမယ့် အဲဒီ ဇယားထဲမှာ ယပင့် ရရစ် ဝဆွဲနဲ့ ဟထိုး ဆိုတဲ့ ပင့်ရစ်ဆွဲထိုး သရတွေ ပါမလာပါဘူး။ အဲဒီဇယားကို စမြင်တဲ့ အချိန်တုန်း ကတော့ အတော်အံ့ဩမိတာ အမှန်ပါ။ ဘာလို့ ပင့်ရစ်ဆွဲထိုး မပါတာလဲ ဆိုတာ စဉ်းစားလို့ မရခဲ့ပါဘူး။ ဘန်ကောက်မှာ မြန်မာဝီကီပီးဒီးယား အတွက် အလုပ်ရုံဆွေးနွေးပွဲ သွားတက်တုန်း ဝင်းမြန်မာ System က ကိုဇော်ထွဋ်နဲ့ တွေ့မှ  ဇာတ်ရည်လည် သွားပါတယ်။

ယူနီကုတ် ၄.၀ အတွက် မြန်မာစာကို တင်သွင်းခဲ့တဲ့သူက မြန်မာလူမျိုး မဟုတ်ပါဘူး။ အဲဒီတော့ သူတို့က ရရစ်ကို ရကောက် ပါဌ်ဆင့်၊ ယပင့်ကို ယပက်လက် ပါဌ်ဆင့်၊ ဝဆွဲဆိုတာ ဝလုံး ပါဌ်ဆင့်၊ ဟထိုးဆိုတာ ဟရဲ့ ပါဌ်ဆင့်အဖြစ် ယူဆခဲ့ ပါတယ်။ မြန်မာတွေက အဲဒါ မဟုတ်ဘူးလို့ ငြင်းတာကို ဒီအတိုင်း လက်မခံပါဘူး။ သက်သေတွေ ပြခိုင်းပါတယ်။ စာရွက်စာတမ်းတွေ အကြိမ်ကြိမ် အခါခါ ရှာပြ သက်သေအထောက်အထားတွေ ပြပြီးတော့မှ ယူနီကုတ် ၅.၁ စံနှုန်း ထွက်လာတဲ့ အချိန်မှာ ပင့်ရစ်ဆွဲထိုးက ကုတ်ဒ်ပွိုင့်တစ်ခုအနေနဲ့ သတ်သတ် ပါလာပါတယ်။ ယူနီကုတ် စံနှုန်းဆိုတာ ကိုယ်ပြင်ချင်သလို ပြင်လို့ရတယ်။ လွတ်တဲ့နေရာ ကောက်ထည့်လို့ ရတယ်လို့ အထင် မရောက်စေချင်ပါဘူး။

ပန်ဂရမ်

ပန်ဂရမ်ဆိုတာ စာကြောင်းတစ်ကြောင်းတည်းမှာ အက္ခရာ အစုံအလင်ပါတဲ့ စာကြောင်းကို ခေါ်ပါတယ်။ A quick brown fox jumps over the lazy dog ဆိုတာ အင်္ဂလိပ်ဘာသာ ပန်ဂရမ်ပါ။ အဲဒီ စာကြောင်းမှာ အင်္ဂလိပ် အက္ခရာ A ကနေ Z အထိ အကုန်ပါပါတယ်။ မြန်မာစာ အတွက်လည်း ပန်ဂရမ်တစ်ခုကို လတ်တလောမှာ Lionslayer က ထွင်ခဲ့ပါတယ်။

သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။

အဲဒါကတော့  Lionslayer ထွင်ခဲ့တဲ့ မြန်မာပန်ဂရမ်ပါ။ က ကနေ အ အထိ ဗျည်း ၃၃ လုံးစလုံး ပါတဲ့အပြင် သရတွေလည်း အကုန်ပါပါတယ်။ ဒီပန်ဂရမ် ရအောင် သူဘယ်လို စဉ်းစားခဲ့သလဲ ဆိုတဲ့ အကြောင်းကို သူ့ရဲ့ ဘလော့ခ်ပို့စ် မှာ ဝေမျှ ထားပါတယ်။

4 comments:

ဆုမြတ်မိုး said...

မြန်မာစာကိုလေ့လာသူတွေအဖို့ ပိုလွယ်သွားမယ့်သဘောမှာရှိတယ်နော်....တကယ်တော်ကြပါတယ်..

Ko Boyz said...

ပို့စ်ထဲက English ပန်ဂရမ် ဖြစ်တဲ့ “A quick brown fox jump over the lazy dog” မှာ jump နောက်က s ကို ဘာလို့ ဖြုတ်ခဲ့တာလဲဆိုတာ လျှောက်လဲချက်ကောင်းကောင်းနဲ့ ထုချေပါ။

ဒီပုံအတိုင်းဆို s ပျောက်နေတယ် ဆြာကီး...။

ZT said...

Thanks Ko Boyz. I will correct it.

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာစာကို ခုလို သိပ္ပံနည်းကျ ရှင်းထားတာ စိတ်ဝင်စားစရာဘဲ
ကျွန်မက ကကြီးခခွေးတွေနဲ့ အတော်အတန်ရင်းနှီးခဲ့ဖူးတော့ ခုလို နည်းကို စိတ်ဝင်စားမိတယ် မှတ်သားဖို့လည်း လွယ်တယ်လေ
ကကြီးခခွေးနဲ့ ရင်းနှီးခဲ့ဖူးတယ်ဆိုတာက သူငယ်တန်းဆရာမ လုပ်ခဲ့ဖူးတာကို ပြောတာပါ။း)
ဒီပိုစ့်လေးအတွက်ကျေးဇူး..