Search This Blog

Loading...

Tuesday, March 29, 2011

ဟိုင်းဝေးကားပေါ်မှာ (၂)

ရန်ကုန် မန္တလေး လမ်းသစ်လို့ ခေါ်တဲ့ ကွန်ကရစ် လမ်းမကြီး အကြောင်း သွားဖူးလာဖူးတဲ့ သူတွေ မကြာခဏ ပြောပြကြလို့ ကြားဖူး နေတာတော့ ကြာပါပြီ။ မြန်မာပြည် ပြန်ရောက်တိုင်း ရန်ကုန်ကနေ တစ်ဖဝါးမှ မခွာဖြစ်တာနဲ့ အဲဒီ ကွန်ကရစ်လမ်းကို သွားဖို့တော့ အခွင့်မကြုံ ခဲ့ပါဘူး။ ဒီတစ်ခါ ရန်ကုန်ပြန်တော့ ပြင်ဦးလွင် သွားဖို့ စီစဉ်ဖြစ်တာနဲ့ ဒီလမ်းကနေ ကားနဲ့ သွားရဖို့ အကြောင်းဖန်လာပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ရန်ကုန် နဲ့ မန္တလေး ဆိုတာ ကိုယ်ပိုင်ကားနဲ့ သွားတာ မဟုတ်ရင် ရထားနဲ့ပဲ သွားလို့ အဆင်ပြေ ပါတယ်။ အဲဒီအချိန်က လေယာဉ်ပျံ လက်မှတ် ဝယ်ရတာကခက် ကားဆိုတာလည်း အခုခေတ်လို အိတ်စပရက်စ် ကားတွေ မရှိတဲ့ အချိန်မို့ ရန်ကုန်နဲ့ မန္တလေး ကြားမှာ ရထားက လွဲရင် တခြား နည်းလမ်းနဲ့ သွားဖို့လာဖို့က သိပ်ပြီး အဆင်မပြေလှပါဘူး။ နောက်ပိုင်းမှာတော့ ရိန်းဘိုး အိတ်စပရက်စ်က စပြီး စကိုင်းလိုင်း၊ အဲရိုး၊ အဆာဟိ ယိုကို၊ လီယို စတာမျိုး အိတ်စပရက်စ် ကားလိုင်းတွေ တစ်ခုပြီး တစ်ခု အလျှိုလျှို ပေါ်လာကြပါတယ်။ အဲဒီ နောက်မှာတော့ ရန်ကုန် မန္တလေးကို အချိန်မမှန်တဲ့ ရထားနဲ့ သွားတာထက် စာရင် အချိန်မှန်တဲ့ကားကို ပိုရွေးဖြစ်ပါတယ်။

အခုတော့လည်း ကိုယ်ကြားဖူးတဲ့ ကားလိုင်း ဆိုလို့ မြမန္တလာထွန်း လောက်ပဲ ကျန်ပါတော့တယ်။ အိတ်စပရက်စ်ကား လက်မှတ်ဝယ်ဖို့ ဘာကားနဲ့ သွားရင်ကောင်းမလဲ မေးကြည့်တော့ ရွှေစင်စင်္ကြာ ဝယ်လို့ အကြံပေးကြပါတယ်။ ဒီလိုနဲ့ပဲ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကနေ ရွှေစင်စင်္ကြာ ကားနဲ့ပဲ မန္တလေးကို သွားဖြစ်ပါတယ်။ ကားပေါ် ရောက်တဲ့ အထိ ဘာမှ မထူးခြား သလိုပါပဲ။ စင်ကာပူ-မလေးရှား ဆွဲနေတဲ့ အိက်စပရက်စ်တွေလောက် မသားနားပေမယ့် မြန်မာပြည် အနေအထားနဲ့တော့ စီးပျော်တယ်ပဲ ပြောရပါမယ်။ ကားပေါ်မှာ မင်းမော်ကွန်းရဲ့ လူမိုက် လုပ်စားပြီး နေ့ချင်းညချင်း ဥုံဖွ ဆိုပြီး သူဌေးဖြစ်သွားတဲ့ ဗွီဒီယိုကို အောင့်အည်း သည်းခံ ကြည့်ရင်းနဲ့ပဲ အချိန်ကုန်မှန်း မသိ ကုန်သွားပါတယ်။ မြန်မာပြည်က ဇာတ်လမ်း ဆိုတော့လည်း ဝေဖန်စရာ အထူးအထွေ မရှိပါဘူး။ သူငယ်ချင်း တစ်ယောက် ပြောဖူးတဲ့ စကားကို သွားသတိရ ပါတယ်။ မင်းဘာသာမင်း အဋ္ဌာရသ (၁ဂ) ရပ်ကို မိုးပျံအောင် တတ်နေပစေ။ ဂွင်မရိုက် တတ်ရင် မြန်မာပြည်မှာ ကြီးပွားဖို့ မလွယ်ဘူး။ ဂွင်ရိုက်တတ်ရင်တော့ ဘာမှ တတ်စရာ မလိုဘူး။ သူ့အလိုလို ကြီးပွား သွားလိမ့်မယ် ဆိုတဲ့ စကားပါ။ ကိုယ့်မျက်စိ ရှေ့တင် နေ့ချင်းညချင်း နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို သူဌေး ဖြစ်သွားတဲ့ သူတွေ မြင်ဖူး နေတော့လည်း သူပြောတဲ့ စကားက မှန်နေသလို ပါပဲ။

ဟိုးအရင်တုန်းက ရန်ကုန်-မန္တလေး ကားလမ်းဘေးမှာ ရေးထားတဲ့ ရန်ကုန်မှ မန္တလေးသို့ ၁၀ နာရီ အရောက် ခရီးပေါက် ဆိုတာ အခုတော့ တကယ် ဖြစ်နေပါပြီ။ ရန်ကုန်က ည ၈ နာရီ ထွက်တဲ့ ကားဟာ မန္တလေး အဝေးပြေးဝင်းကို မနက် ၅ နာရီ ကျော်မှာပဲ ရောက်ပါတယ်။ တိုးတက်လာမှုတွေလို့ ပြောရမလား မသိပါဘူး။ နောက်ထပ် တိုးတက်လာတာ တစ်ခုကတော့ မန္တလေးနဲ့ မေမြို့ကြားက သယ်ယူပို့ဆောင်ရေးပါ။ ပြင်ဦးလွင်ကို မရောက်ဖြစ်တာ ဆယ်စုနှစ် တစ်ခုကျော် ရှိပါပြီ။ ဘယ်လို သွားရမလဲလို့ မန္တလေးမှာ စုံစမ်းတော့ အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ဆိုတဲ့ ဗင်ကားတွေ ရှိတယ်။ ဖုန်းဆက်ခေါ်ရုံပဲလို့ ပြောကြပါတယ်။ ရှေ့ခန်း ၁ ယောက်၊ နောက်ခန်း ၃ ယောက်ပဲ တင်ပါတယ်။ ရှေ့ခန်းမှာ ထိုင်ရင် ၅၀၀၀ ပေးရပြီး နောက်ခန်းကတော့ ၄၅၀၀ ပါ။ မန္တလေးမှာ အိမ်အထိ လာခေါ်ပြီး ပြင်ဦးလွင်မှာလည်း ကိုယ်သွားချင်တဲ့ နေရာ အထိ လိုက်ပို့ပေးတဲ့ အတွက် အတော်ကို အဆင်ပြေပါတယ်။

တိုးတက်လာတာတွေ ရှိပေမယ့် တိုးတက်မလာတာကတော့ လူတွေရဲ့ စိတ်ဓာတ်ပါပဲ။ မန္တလေး အဝေးပြေးမှာဆင်းလို့ ကားစငှားကတည်းက ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဆိုတဲ့ သူတွေနဲ့ တွေ့ရတာ ပြင်ဦးလွင်က ပြန်ဆင်းလာတဲ့ အချိန် အထိ ပါပဲ။ လေးဘီးငှားရင်လည်း မတန်တဆတောင်းခံရ၊ ဆိုင်ကယ်ကယ်ရီ စီးမယ်ဆိုရင်လည်း မတန်တဆ အတောင်းခံရ၊ ရထားလုံး စီးမယ် ဆိုရင်လည်း မတန်တဆ အတောင်းခံရနဲ့ ကိုယ့်ပုံကိုယ် မှန်ထဲပြန်ကြည့်ပြီး အချဉ်ပုံ ပေါက်နေသလား ပြန်ဆန်းစစ်မိတဲ့ အထိပါပဲ။ ဥပမာ ပြင်ဦးလွင် ကန်တော်ကြီးကနေ မြို့ထဲ ဈေးအထိ ရထားလုံး ငှားတာ ၅ ထောင်ကျမယ် ဆိုတာမျိုးတော့ လွန်လွန်းပါတယ်။ သူ့မြင်းက အော့တိန်း ထည့်မောင်းရသလားတော့ မပြောတတ် ပါဘူး။ ရန်ကုန်မြို့ထဲ ညကြီးသန်းခေါင် ကားငှားစီးရင်တောင် ဒီလောက် တစ်ခါမှ မကျဖူးတာ ပြင်ဦးလွင်ကျမှ နေ့ခင်းကြောင်တောင် ဟိုနားဒီနား ၅ ထောင်ဆိုတော့ အချဉ်ဖမ်း မှန်း သိပ်သိသာပါတယ်။ ထိုင်းမှာ ဆိုရင်တော့ နိုင်ငံခြားသားမှန်း သိရင် ဂျင်းထည့်ချင်တာ သူတို့ အကျင့်လိုပါပဲ။ ဘန်ကောက်မှာတုန်းက ငါတို့နိုင်ငံ ဒီလောက်မဆိုးဘူးလို့ ပြောခဲ့တဲ့ စကား အခုတော့ ပြန်ရုပ်သိမ်းရ မလိုပါပဲ။ ထိုင်းမှာ နိုင်ငံခြားသားကို ဂျင်းထည့်ပေမယ့် ကျွန်တော်တို့ နိုင်ငံတော့ ကိုယ့်လူမျိုး အချင်းချင်းပါ ဂျင်းထည့် ပါတယ်။

ပြင်ဦးလွင်က ပြန်ဆင်းလာတော့ အရင်နာမည် ရှိပြီးသား ကားလိုင်း အဟောင်းတစ်ခုနဲ့ပဲ မန္တလေးက ပြန်လာ ဖြစ်ပါတယ်။ ကားနောက်ပိုင်းမှာ ကုန်တွေ တင်ထားတာ အပြည့်အသိပ်ပါပဲ။ အလာတုန်းက ပင်ပန်းနေလို့ ပတ်ဝန်းကျင် ကို မကြည့်ဖြစ်ပေမယ့် အပြန်တော့ လမ်းကို အသေအချာ ကြည့်ဖြစ်ပါတယ်။ ပလိပ်မြို့ အနီးအနား တံတားဦး လမ်းခွဲကနေ တဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းကို ဆက်ထားတာကို သတိထားမိပါတယ်။ လမ်းမှာတော့ ထုံးစံအတိုင်း မြက်ပင်ရယ်၊ ဓာတ်တိုင်ရယ်၊ ပလက်ဖောင်းရယ်၊ ကွန်ကရစ်ရယ်ပဲ ကြည့်စရာ ရှိပါတယ်။ ဒီမြင်ကွင်းကြီးကိုပဲ ငေးစိုက်ကြည့်ရင်းကြာတော့ အိပ်ငိုက်လာပါတယ်။ နောက်ဆုံး ညသန်းခေါင် အချိန် ၁၁၅ မိုင်စခန်းမှာ ကားရပ်မှပဲ နိုးပါတော့တယ်။ ၁၁၅ မိုင်စခန်းက မြန်မာနိုင်ငံ အနေအထား နဲ့တော့ အတော်လေး သန့်တယ် ပြောလို့ ရပါတယ်။

၁၁၅ မိုင်မှာ ကားရပ်တော့ မဆာပေမယ့်လည်း ညလယ်စာ အနေနဲ့ တစ်ခုခုတော့ စားလိုက်ပါတယ်။ စားသောက်ပြီးတော့ ကားရပ်ထားတဲ့ နေရာနား ပြန်လာခဲ့ပါတယ်။ ကားဘက်ကို လမ်းပြန် လျှောက်လာတဲ့အချိန် ရှေ့နားမှာ ကျွန်တော်တို့ ကားက ဒရိုင်ဘာနဲ့ စပယ်ယာ တစ်စု အရှေ့မှာ ခပ်သုတ်သုတ် လျှောက်ရင်း တစ်စုံတစ်ခုကို ရေရွတ်နေတာ လှမ်းတွေ့ရပါတယ်။
"အသေအချာ ပြောထားရက်နဲ့များကွာ။"
"အေးလေ။ ငါတို့ မပြောမိလို့ ဆိုရင်လည်း ထားပါတော့။"

သူတို့တွေ တစ်စုံတစ်ခုကို မကျေမနပ်နဲ့ ရေရွတ်နေမှန်း အတော်သိသာပါတယ်။ ဘာတွေ ပြသနာ တက်လာကြ သလဲတော့ မပြောတတ်ပါဘူး။ ကျွန်တော်တို့ ကားနား ပြန်ရောက်တော့ ကားတံခါးဝမှာ ဝိုင်းအုံနေတဲ့ လူ ၄ ၅ ယောက်ကို လှမ်းတွေ့ ရပါတယ်။ မိန်းမကြီး နှစ်ယောက်နဲ့ အခြား ယောက်ျားလေး ၂ ယောက် ၃ ယောက်ပါ။ ကားရှေ့ တံခါးပေါက်က မှန်ကတော့ ကွဲ နေတာကို တွေ့ရပါတယ်။ စပယ်ယာနဲ့ ဒရိုင်ဘာက ကား အပေါက်ဝ မှာ ရပ်ပြီ: ကားထဲကို လှမ်းကြည့်ကြပါတယ်။

"ဘယ်လိုဖြစ်ကြတာလဲ။"
"ခုန ကလေးက အိပ်နေလို့ နိုးသွားမှာ စိုးတာနဲ့ ကားပေါ်မှာ ထားခဲ့တာ။ အခု ပြန်လာတော့ ကလေးက သူ့ဘာသာသူ တံခါးပေါက်ကို လျှောက်လာပြီး ရှေ့တံခါးပေါက် ခြေနင်းခုံမှာ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီ။"
"ကလေးကို ဘာလို့ ထားခဲ့ရတာလဲဗျာ။ ကားပေါ်မှာ တစ်ယောက်မှ မနေခဲ့ပါနဲ့လို့ ကားပေါ်က မဆင်းခင်က ကျွန်တော်တို့ အသေအချာ ပြောထားရက်သားနဲ့။"
"ဟ။ ကလေးက အိပ်နေတာကို ဘယ်လိုလုပ်မလဲ။ မင်းတို့ ကားနားမှာ တစ်ယောက်တော့ အစောင့်ထားခဲ့ရမှာပေါ့ကွ။ မဟုတ်ဘူးလား။"
"အဲဒီလို မပြောနဲ့လေဗျာ။ တခြားကားတွေ လှမ်းကြည့်စမ်းပါဦး။ ဘယ်ကားကများ အစောင့်ထားခဲ့တာ ခင်ဗျားတို့ တွေ့သလဲ။"

စပယ်ယာက ကလေးကို လွတ်မလွတ်ကြည့်ပြီး အရှေ့တံခါးကို ဆွဲဖွင့်လိုက်ပါတယ်။ တံခါးပွင့်သွားတော့ ကလေးရဲ့ အမေက ကလေးကို ကောက်ပြီး ချီလိုက်ပါတယ်။ ကလေးကတော့ နည်းနည်း လန့်သလို ပုံစံပေါက်နေပေမယ့် မငိုပါဘူး။ စပယ်ယာက ခုန သူနဲ့ စကားပြောနေတဲ့ ကလေးရဲ့ အဖေကို လှမ်းပြောပါတယ်။
"ကားမှန်က ခင်ဗျား ခွဲပစ်လိုက်တာ မဟုတ်လား။"
"မဟုတ်ပါဘူး။ ကျွန်တော်တွန်းလိုက်တာ သူ့ဘာသာသူ ကွဲသွားတာ။"
"ခင်ဗျား အဓိပ္ပာယ် မရှိတာ မပြောနဲ့။ မှန်က သူ့ဘာသာသူ တွန်းလို့ ကွဲစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီမှာကြည့်။"
စပယ်ယာက ကားတံခါးကို တွန်းပြီ: ကားမှန်တံခါးကို လက်ဖနောင့်နဲ့ ခပ်ဆတ်ဆတ် ရိုက်ပြပါတယ်။ သူက နှစ်ချက် သုံးချက် မှန်ပေါ်ကို ရိုက်ပြပြီ:တော့ ဟိုလူလည်း ဆက်မငြင်းတော့ ပါဘူး။ ငြင်းမယ့်သာ ငြင်းနေတယ် ကားမှန်ကို ခွဲထားလို့ သူ့လက်မှာ သွေးတွေက မြင်မကောင်းအောင် ရဲနေတာပါပဲ။

စပယ်ယာက သူ့မှန် ကွဲသွားတဲ့ အတွက် ၂ သောင်းခွဲ အလျော်တောင်း ရာကနေ နောက်ဆုံးမှာတော့ ၁ သောင်းခွဲနဲ့ တည့်သွားကြပါတယ်။ အားလုံး ကားပေါ်ပြန်တက်လို့ ရန်ကုန်ကို ခရီးဆက်ကြတဲ့ အချိန်မှာတော့ ညသန်းခေါင် အချိန်မတော် ထစားတဲ့ ထမင်းကြောင့်လားတော့ မသိပါဘူး။ အားလုံး တော်တော်နဲ့ ပြန်မအိပ်ဖြစ်ကြပါဘူး။ ဒီလိုနဲ့ပဲ အောင်မင်္ဂလာ အဝေးပြေးကို မနက် ၄ နာရီ စွန်းစွန်းမှာ ပြန်ရောက်ခဲ့ပါတယ်။

5 comments:

sosegado said...

ရန်ကုန် မန္တလေးလမ်းမကြီးက ကောင်းပါတယ်၊ မောင်းတဲ့ကားက ဘာလိုနည်းနေသလဲ မသိဘူး၊ ဒီကြားထဲဆိုင်ကယ်တွေ မြေသယ်ကားတွေကပြောင်းပြန်မောင်းလာသေးတယ်၊ ညဘက်မောင်းရင် သတိထားသင့်ပါတယ်၊

PhotoVigor said...

Relax..just relax..:)

Anonymous said...

မေမြို့မှာ မြင်းလှည်းစီတာဈေးတင်ခံရတယ်ဆိုတဲ့အတွက်
စိတ်မကောင်းပါဘူး..။
ဒါပေမဲ့..၂၀၀၉ပြန်တုန်းက ဈေးလေးနဲ့ နာရီစဉ်နားကို
၁၀၀၀ပေးရပါတယ်..။အခုလောက်ဆို ၁၅၀၀လောက်များဖြစ်မလားပဲ..။
မြင်းလှည်းသမားတွေက အဝေးဧည့်ဆို ဈေးပိုပြောတတ်တာ အကျင့်လိုဖြစ်နေပြီနဲ့တူပါတယ်..။
ဆိုင်ကယ်ကယ်ရီကတော့ မကြိုက်လို့ မစီးပါဘူး။
ကျနော်မြို့ပြန်ရင် မြင်းလှည်းနဲ့ စက်ဘီးပဲစီးပါတယ်။
နောက်တခါပြန်ရင်ကြိုပြောပါ..။
အိမ်ဘေးမှာ မြင်းလှည်းဂိတ်ရှိတယ်..မြင်းလှည်းသမားတွေနဲ့လည်း
ခင်ပါတယ်..။(အိမ်က)

ပေါက်

ံHigh way Kyauk said...

ဗမာပြည်မှာကတော့ အသွေးအမွေးကြည့်ပြီး..တနပ်စားကြံချင်တာက အကျင့်ဖြစ်နေကြပြီ..တိုင်းပြည်ကဆင်းရဲ လူတွေကဆင်းရဲလာတော့..စိတ်ဓါတ်တွေပါဆင်းရဲလာတာ

Thet Oo said...

“တိုးတက်လာတာတွေရှိပေမယ့် တိုးတက်မလာတာကတော့ လူတွေရဲ့ စိတ်ဓာတ်ပါပဲ” စိတ်ဓာတ်တွေ ပြောင်းလဲလာဖို့အတွက် လုပ်ရမှာက အစိုးရမင်းများကနေ စပြီးတော့ ပြုပြင်ရမယ်လို့ ထင်ပါတယ်။