Search This Blog

Loading...

Thursday, August 25, 2011

တီဂျီအိုင်အက်ဖ်

သူတို့အားလုံး ကွန်ပျူတာ ဖန်သားပြင်ကို ကိုယ်စီ စိုက်ကြည့်နေကြပါတယ်။ ကီးဘုတ် ရိုက်သံ တချောက်ချောက်က အခန်းထဲမှာ မှန်မှန် ပေါ်ထွက်နေပါတယ်။ သူက ဆော့ဖ်ဝဲလ် မှတ်တမ်းဖိုင် ကို အထက်အောက် စုန်ဆန် လူးလာခေါက်ပြန် ကြည့်နေရင်း ခေါင်းကို တွင်တွင် ယမ်းနေမိပါတယ်။ သူ့နောက်မှာ ထိုင်နေတဲ့ ဂျွန်ဆီကနေ ရှစ်တ်၊ ဘလပ်ဒီဟဲလ် စတဲ့ ဆဲရေးသံတွေကို မကြာခဏ ဆိုသလိုပဲ ကြားနေရပါတယ်။

ဘယ်သူက စိတ်မတိုဘဲ နေနိုင်ပါမလဲ။ ဒီနေ့ သောကြာနေ့။ ရုံးဆင်းချိန် ဒေါင်ဆိုတာနဲ့ လစ်ဖို့ သူတို့ အားလုံး စီစဉ်ထားပြီးသား။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ ညနေ ၄ နာရီ ကျော်မှာ ကပ်စတန်မာဆီကနေ ဖုန်းဝင်လာပါတယ်။ ကပ်စတန်မာက အနောက်နိုင်ငံက ဆိုတော့ သူတို့နဲ့ စံတော်ချိန် ၇ နာရီ ကွာပါတယ်။ အဲဒီတော့ သူတို့ဆီမှာ ညနေ၄ နာရီ ဆိုရင် ကပ်စတန်မှာ ဆီမှာ မနက် ၉ နာရီ။ ကပ်စတန်မာ ဆီမှာ မနက် ရုံးတက်ချိန် ဆော့ဖ်ဝဲလ် ဖွင့်လို့မရပါဘူး။  ဖွင့်လိုက်တာနဲ့ မက်ဆေ့ပြပြီး ပြန်ပိတ်သွားတယ် လို့ ပြောပါတယ်။  သာမန် ပြသနာဆိုရင် နောက်နေ့ ရွှေ့လို့ ရပေမယ့် ဆော့ဖ်ဝဲလ် ဖွင့်မရအောင် ဖြစ်တာကတော့ အတော်ကို ပြဿနာ ကြီးတယ်လို့ ပြောလို့ရပါတယ်။ အခုလို ရုတ်တရက် ပြဿနာ ပေါ်လာတဲ့အတွက် သူတို့အားလုံး သောကြာနေ့ ညနေ ပြန်လစ်ဖို့ ကိစ္စကို စိတ်ထဲမှာ ခဏ မေ့ထားလိုက်ရပါတယ်။ သူတို့ အတွက်တော့ အလုပ်သည် သားအမိ အလုပ်သည် သားအဖ ဖြစ်နေလို့ပါ။

၆ နာရီ ထိုးပြီမို့ တခြား ဌာနက လူတွေ ပစ္စည်းသိမ်းပြီး ပြန်ဖို့ ပြင်နေကြပါပြီ။ သူတို့နဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ အရောင်းဌာနက စင်ဒီ ဆိုတဲ့ ကောင်မလေး က အိတ်ကလေး ဆွဲပြီး ထလာပါတယ်။ သူတို့ စားပွဲနားရောက်တော့ အလိုက်ကမ်းဆိုး မသိစွာ "ဘိုင်" လို့ လှမ်းနှုတ်ဆက်ပါတယ်။ သူက လောကဝတ် အနေနဲ့ ဘိုင်လို့ ပြန်နှုတ်ဆက်လိုက်ပေမယ့် အခြားသူတွေဆီက နှုတ်ဆက်သံ မကြားရပါဘူး။ သရီးရှဲဒိုး ဒုန့် အန်ဒါစတန်း ဆိုတဲ့ အရိပ်သုံးပါး နားမလည်တဲ့ ကောင်မလေးပါ။  တခြားသူတွေ အလုပ်ရှိလို့ မပြန်ရဘဲ ညစ်နေတယ် ဆိုတာကို သဘောပေါက်ပုံ မရပါဘူး။ ဘေးကို မသိမသာ စောင်းငဲ့ကြည့်တော့ ဘေးခုံက ဟင်နရီ က မကျေမနပ်နဲ့ နားဘေ လို့ မသိမသာ ဆဲတာ ကြားလိုက်တော့ သူပြုံးလိုက်မိပါတယ်။

နာရီလက်တံက တဖြည်းဖြည်း လည်နေဆဲပါ။ သူတို့တော့ ပြဿနာရဲ့ အရင်းအမြစ်ကို အခုထက်ထိ ရှာမတွေ့နိုင်သေးပါဘူး။ အဖြေနှင့် နီးစပ်လာပြီလို့ ပြောနိုင်ပေမယ့် ဒါပြဿနာပါဟု တိတိကျကျ လက်ညှိုးထိုးပြစရာ အခုအချိန်ထိ မတွေ့နိုင်သေးပါဘူး။ တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကိတ်ပယ်ရီ ရဲ့ သီချင်းသံနဲ့ ဖုန်းတစ်လုံးမြည်သံ ထွက်လာပါတယ်။ သူ့အနောက်ဖက်က ထွက်လာတာမို့ ဒါ ဂျွန်ရဲ့ ဖုန်းသံ ဖြစ်မှာပါ။

"ဟဲလို။"
"...."
"ငါ ခုန ပြောထားတယ်လေ။ အလုပ်မပြီးသေးဘူးလို့။ အရေးကြီးကိစ္စပေါ်လာလို့။"
"...."
"ဘယ်သိမှာလဲကွ။ ဘယ်အချိန်ပြီးမလဲဆိုတာ။"
"....."
"ငါတို့ ကုမ္ပဏီရဲ့ အနာဂတ်က ငါတို့ လက်ထဲမှာ မူတည်နေတယ်ကွ။ မင်းနားလည်လား။"

အဲဒီ စကားသံကြားတော့ အားလုံးပြုံးစိစိ ဖြစ်သွားကြပါတယ်။ အရှေ့က အဖွဲ့ခေါင်းဆောင် (Team Lead) က နောက်ကို မသိမသာ ငဲ့ကြည့်ပါတယ်။ သူ့မျက်နှာကလည်း မချိုမချဉ်ပြုံးနေပါတယ်။ ဂျွန်ဆီကနေ စကားသံက ဆက်ထွက်လာပြန်ပါတယ်။

"မင်းမယုံဘူးလား။ ငါ့အဖွဲ့ခေါင်းဆောင်နဲ့ ပြောကွာ။"

အဖွဲ့ခေါင်းဆောင်မှာ မျက်လုံးပြူး သွားပုံ ပေါက်ပါတယ်။ ဘယ်နှယ့်ကြောင့် သူ့ရည်းစားနဲ့ စကားများတဲ့ ကိစ္စ သူ့ကို ဆွဲထည့်ရသလဲဟု တွေးမယ်ထင်ပါတယ်။ ဂျွန်က အဖွဲ့ခေါင်းဆောင်အား ဖုန်းကို ထိုးပေးပြီး

"ဒင်နီယယ်။ မင်းခဏ ပြောလိုက်ပါဦးကွာ။ ငါ့ရည်းစားနဲ့။"

ဒင်နီယယ်က အူကြောင်ကြောင်နဲ့ ဖုန်းကို လှမ်းယူလိုက်ပါတယ်။ နောက်တော့ အလုပ်ကိစ္စ အင်မတန် အရေးကြီးနေသည့် အတွက် အားလုံး မပြန်နိုင်သေးကြောင်း ဘာညာ နှင့် ဒင်နီယယ်က ဂျွန်ရဲ့ ရည်းစားကို ပြောနေသံ ကြားရပါတယ်။ နောက်တော့ ဒင်နီယယ်က ဂျွန်ဆီကို ဖုန်းပြန်ပေးလိုက်ပါတယ်။
"ပြီးရင် ဖုန်းဆက်လိုက်မယ်။ မင်းတစ်ယောက်တည်း လာစေချင်တာ မဟုတ်ဘူး။ ငါလည်း ပြန်ချင်တယ်။ ဒီ ဘလပ်ဒီ အလုပ်တွေ မပြီးသေးလို့။"

ဂျွန်က ပြောပြီး ဖုန်းချလိုက်ပါတယ်။

အခန်းထဲမှာ ခဏလောက် ပြန်တိတ်သွားပါတယ်။ အဲဒီနောက် သူတို့ အခုလက်ရှိ ရှာတွေ့ထားသည့် ပြသနာနဲ့ ဘယ်လို ဖြစ်နိုင်မယ် ထင်တဲ့အကြောင်းသူတို့ ခဏဆွေးနွေးဖြစ်ပါတယ်။ ပြောပြီး သူတို့ ခုံမှာ ပြန်ထိုင်လိုက်တဲ့ အချိန်မှာပဲ ဟင်နရီရဲ့ ဖုန်းကနေ "Excuse Me Boss, You have a text message." ဆိုတဲ့ အသံနဲ့ မက်ဆေ့ ဝင်လာတာကို သူတို့အားလုံးကြားလိုက်ရပါတယ်။

အဲဒီမက်ဆေ့ ဝင်လာပြီးတဲ့ နောက်မှာတော့ ဟင်နရီက မက်ဆေ့ ပြန်ရိုက်လိုက် ခဏနေ မက်ဆေ့ ပြန်ဝင်လာလိုက်နဲ့ သူ့ဘာသာသူ ဖုန်းနဲ့ အလုပ်ရှုပ်နေပါတယ်။ ခဏနေတော့ သူစိတ်ရှည်ဟန် မတူတော့။ ဖုန်းကို ကောက်နှိပ်လိုက်ပါတယ်။

"ငါ ရုံးမှာပဲ ရှိသေးပါတယ်ဆို။"
"..."
"သောကြာနေ့ကြီး အလုပ်လုပ်ရသလား။ ဟုတ်လား။ အလုပ်မှ မပြီးတာ။"
"...."
"ငါ ဒီမှာ ရုံးမှာပဲ ရှိတယ်။ ကက်စီနိုလည်း ရောက်မနေဘူး။ ဘယ်မှလည်း ရောက်မနေဘူး။"
"...."
"မယုံရင်လည်း မတတ်နိုင်ဘူးကွာ"
"...."
"အော် ပြောပြီးပြီလေ။ အေးခဏစောင့် ။ ငါ အခုချက်ချင်း ပြန်ခေါ်မယ်"

ဟင်နရီက ဖုန်းကို ချလိုက်ပါတယ်။ ပြီးတော့ ပြန်နှိပ်ပြီး မတ်တပ် ထရပ်လိုက်တယ်။ အားလုံးက သူ့ကို ကြောင်ပြီး ကြည့်နေကြတယ်။ သူ့လက်ထဲမှာ ဖုန်းကို ဒေါင်လိုက် ထောင်ပြီး ကိုင်ထားတာကို တွေ့ရပါတယ်။ ဟင်နရီက ဖုန်းကို သူတို့ဘက်သို့ လှည့်ပြတယ်။ ပါးစပ်ကလည်း ပြောနေပါတယ်။

"ဒီမှာတွေ့လား။ မင်းမယုံရင် ။ ဟော့ဒီမှာ ငါ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးရှိတယ်။"

သူက လှမ်းကြည့်တော့ ဟင်နရီက ဗွီဒီယိုဖုန်း ဖွင့်ထားပြီးတော့ ဖုန်းပေါ်မှာ စူပုတ်နေတဲ့ သူ့မိန်းမ အရုပ်ပေါ်နေတာကို တွေ့ရပါတယ်။ ဖုန်းက သူ့ဘက်လှည့်လာတော့ သူက လက်မြှောက်ပြီး ပြုံးစိစိနဲ့
"ဟိုင်း။" လို့ ဟင်နရီ့မိန်းမကို လှမ်းနှုတ်ဆက်လိုက်ပါတယ်။ သူမ မျက်နှာ ဆက်ပြီး စူပုတ်နေသလား။ ပြေသွားပြီလား။ မသိတော့ပါ။ ဂျွန်ကလည်း ဖုန်းကင်မရာ သူ့ဘက် လှည့်လာတော့ အလန့်တကြားနဲ့ လှမ်း ဟိုင်း လိုက်ပါတယ်။ ဒီလိုနဲ့ ဟင်နရီ၏ ဗွီဒီယို ရိုက်ကူးရေး အစီအစဉ်က ပြီးဆုံးသွားပါတယ်။ သရီးဂျီ နည်းပညာရဲ့ အသုံးဝင်မှုကို အခုတော့ မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်။

ဘယ်သူ့ဆီက ဖုန်းများ လာဦးမလဲလို့ သူ့စိတ်ထဲမှာ တွေးနေမိပါတယ်။ ဒီတစ်ခါတော့ ဘယ်သူရဲ့ ဟင်းန်းဖုန်းကမျှ မမည်တော့ပါဘူး။ဒါပေမယ့် ဒင်နီယယ်ရဲ့ ခုံပေါ်မှ ဖုန်းက မြည်လာပါတယ်။ ဒင်နီယယ်က ဖုန်းကို ကောက်ကိုင်လိုက်ပါတယ်။

"ဟဲလို။"
"...."
"အေး။ မတွေ့သေးဘူး။ ရှာနေတုန်း။ တွေ့ခါနီးပြီတော့ ထင်တာပဲ။"
"...."

စကားပြောသံကို နားထောင် ကြည့်ရတာတော့ ပရိုဂရမ် မန်နေဂျာ ဖြစ်ပုံရပါတယ်။ ပရိုဂရမ် မန်နေဂျာဆိုတာ ကပ်စတန်မာနဲ့ ပရိုဂရမ်မာတွေကြားက ကြားခံ ပေါင်းကူး တံတားလို လူစားမျိုးပါ။ ကပ်စတန်မှာ ရဲ့ လိုအပ်ချက် ပြသနာတွေ ကို တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းပေးရတဲ့သူမျိုး ဖြစ်ပါတယ်။

စကားကြုံလို့ ပရိုဂရမ် မန်နေဂျာ အကြောင်း ပြောရပါဦးမယ်။ တစ်ခါက လူတစ်ယောက်ဟာ မိုက်ခရိုဆော့ဖ်မှာ ပရိုဂရမ် မန်နေဂျာ ရာထူးအတွက် သွားလျှောက်ပါတယ်။ အင်တာဗျူးမှာ သူ့ကို အင်တာဗျူးတဲ့သူက သူသိပြီးသား သီအိုရီ တစ်ခုကို မဟုတ်ကြောင်း ဇွတ် အတင်းငြင်းပါတယ်။ အလုပ်လျှောက်တဲ့သူက ဒါက အထက်တန်း ကျောင်းသားတောင်မှ သိတဲ့ သီအိုရီ ဖြစ်တဲ့အကြောင်း၊ သူလုံးဝ မမှားကြောင်း ပြန်ငြင်းပါတယ်။ အင်တာဗျူးတဲ့သူကလည်း သူမမှားကြောင်း ဇွတ်အတင်း ငြင်းပါတယ်။ နောက်ဆုံးတော့ အလုပ်လာလျှောက်တဲ့သူနဲ့ အင်တာဗျူးတဲ့သူတို့ ရန်ထဖြစ်ကြပါတယ်။ အင်တာဗျူးပြီး ပြန်လာတော့မှ နောက်တစ်ယောက်က သူသိထားတဲ့ သီအိုရီ မှားလို့ မဟုတ်ကြောင်း။ ဒါပေမယ့် ပရိုဂရမ် မန်နေဂျာ အလုပ်မှာ ခေါင်းမာပြီး လောဂျစ် သိပ်ကောင်းတဲ့ ပရိုဂရမ်မာတွေနဲ့ ၁ ဆိုတာ ၁ ဖြစ်တဲ့အကြောင်း၊ ၂ မဟုတ်ကြောင်း နားဝင်အောင် ပြောရမှာ ဖြစ်လို့ စမ်းသပ်တယ်လို့ ထင်တဲ့ အကြောင်း ပြန်ပြောတော့မှ အင်တာဗျူးတဲ့ သူ ဘာရည်ရွယ်ချက်နဲ့ အဲဒီလို လုပ်တယ်ဆိုတာကို သဘောပေါက် သွားပါတယ်။

အခုလည်း ကပ်စတန်မာက သူ့ကိုထုပြီမို့ ပရိုဂရမ် မန်နေဂျာ သူတို့ကို ချော့နေရပြီ ထင်ပါတယ်။ ဒင်နီယယ် ကတော့ ပရိုဂရမ် မန်နေဂျာနဲ့ ဆက်ငြင်းနေတုန်းပါပဲ။

"ငါတို့ မစမ်းလို့ ဖြစ်တာမှ မဟုတ်တာပဲ။ ဗားရှင်း အသစ်က ဒီနေ့မှ ထုတ်တာမှ မဟုတ်တာ။"
"..."
"ဘာကွ။ Bug မရှိတဲ့ ဆော့ဖ်ဝဲလ် ဟုတ်လား။ အဲဒါဆို မင်းကပ်စတန်မာ ဘာဖြစ်လို့ ဝင်းဒိုး သုံးနေသလဲကွ။ ဝင်းဒိုးလောက် Bug များတဲ့ ဆော့ဖ်ဝဲလ် ရှိသေးလို့လား။"

ဒင်နီယယ်က မိုက်ခရိုဆော့ဖ်ကိုပါ သေဖော်ညှိနေပါပြီ။

"ငါတို့ ဒီမှာ ရှာနေတာပဲ။ ရမ်းသမ်းပြီး အပ်ဒိတ်ကို release လုပ်ပေးလိုက်လို့ ရတာမှ မဟုတ်တာ။ ငါ အခု အပ်ဒိတ် လုပ်လိုက်ပါပြီတဲ့။ နောက်ပေါ်လာတဲ့ ပြဿနာ မင်းပဲ ကပ်စတန်မာနဲ့ ရှင်းရမှာ။"
"..."

ဒီလိုနဲ့ ခဏအကြာ ဒင်နီယယ်နဲ့ ပရိုဂရမ် မန်နေဂျာတို့ ငြင်းခုံပြီးတော့ ဖုံးချလိုက်ကြပါတယ်။ သူလည်း အချိန်အတော်ကြာတော့ လော့ဂ်ဖိုင်ကို ဖတ်ရတာ မူးနောက်လာပါတယ်။ အဲဒါကြောင့် စိတ်ပြေလက်ပျောက် ဘရောက်ဆာ ဖွင့်ပြီး ဖေ့စ်ဘွတ်ခ်ထဲ ဝင်လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်တော့ ဒင်နီယယ်ရဲ့ စတေးတပ်ကို ဖတ်မိလို့ သူပြုံးပြီး Like နှိပ်လိုက်ပါတယ်။ ဒင်နီယယ်က ရေးထားတာက "TGIF = Toolan Gosh. Insane Friday" ဆိုပြီးတော့ပါ။ (Too lan ဆိုတာ ဟောက်ကျန့်စကားနဲ့ ဒေါသဖြစ်တယ် စိတ်အနှောင့်အယှက် ဖြစ်တယ်လို့ ဆိုလိုတာပါ။)