Search This Blog

Loading...

Wednesday, March 21, 2012

ကရားဆူးတို့ပြည်

ကျွန်တော်တို့ စလုံးကို ရောက်ခါစ သက္ကရာဇ် ၂၀၀၀ မပြည့်တပြည့် အချိန်ကပါ။ တနင်္ဂနွေ ညတစ်ည ၉ နာရီလောက် မှာ သူငယ်ချင်းတွေနဲ့ အတူ ကော်ဖီသောက်ရင်း တော့ကီပွားဖို့ အိမ်နားက ဈေးထဲကို လမ်းလျှောက် ထွက်လာခဲ့ကြ ပါတယ်။ အဲဒီ ဈေးထိပ်မှာ မက်ဒေါ်လ်နယ် ဘာဂါဆိုင် တစ်ဆိုင် ရှိပါတယ်။ ဘာဂါဆိုင်ရှေ့မှာတော့ လူတွေ ဟိုနားတစ်စု သည်နားတစ်စု နဲ့ ထိုင်နေကြတာကို တွေ့ရ ပါတယ်။ တစ်ချို့က ပလက်ဖောင်းပေါ် အခင်းကလေးတွေ ခင်းပြီး ထိုင်နေသလို တစ်ချို့ကလည်း ဒီအတိုင်း ငုတ်တုပ် ထိုင်နေကြ ပါတယ်။ ခြေပစ်လက်ပစ် ထိုင်နေတဲ့သူတွေလည်း ရှိသလို ဂစ်တာ တီးနေတဲ့ သူလည်း ရှိပါတယ်။ မြန်မာပြည်မှာ လမ်းဘေး အဝတ်ခင်းပြီး ထိုင်တာ မထူးဆန်းပေမယ့် စင်ကာပူမှာတော့ လူတွေ လမ်းဘေး တန်းစီ ထိုင်နေတာ နည်းနည်း ထူးဆန်းတယ်လို့ ထင်ရ ပါတယ်။

သူတို့ ဘာလုပ်နေကြတာလဲလို့ ကျွန်တော်တို့ အချင်းချင်း ပြန်မေးကြပေမယ့် ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။ နာရီဝက်လောက် အကြာ ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြီး ပြန်လာတော့ အဲဒီနေရာမှာ လူတွေ ပိုများ လာတာကို သတိထားမိ ပါတယ်။ မက်ဒေါ်လ်နယ်က မပိတ်သေးဘဲ အထဲက ကောင်တာမှာလည်း လူသိပ်မရှိတာမို့ ဘာဂါစားဖို့ တန်းစီ နေတာတော့ မဖြစ်လောက် ပါဘူး။ ဒီလိုနဲ့ သူတို့ ဘာလုပ် နေကြသလဲ ဆိုတာ ကျွန်တော်တို့ အချင်းချင်း ငြင်းကြခုံကြရင်းနဲ့ အိမ်ပြန် ရောက်လာခဲ့ ပါတယ်။

နောက်တစ်နေ့ မနက်တော့ ရှစ်နာရီ အတန်းရှိတာမို့ အိမ်ကနေ ၇ နာရီကျော်လောက် ထွက်လာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ နေတဲ့ နေရာက ဘူကစ်ပန်ဂျန်း လို့ခေါ်တဲ့ နည်းနည်းချောင်ကျတဲ့ နေရာမှာ ပါ။ ကျွန်တော်တို့ ကျောင်းရှိတဲ့ ဒိုဗာ ကိုရောက်ဖို့ ၄၅ မိနစ်လောက် သွားရပါတယ်။ ကျွန်တော်တို့ ကျောင်းသွားရင် နိအန်း ပေါ်လီတက်ခနစ် အနားမှာ ကားတစ်ဆင့် ပြောင်းစီးရပါတယ်။ နိအန်းပေါ်လီနား ရောက်တော့ ကားတွေ ပိတ်နေတာနဲ့ ကားက တစ်လိမ့်ချင်း လိမ့်နေရ ပါတယ်။ ကားပေါ်ကနေ လမ်းဘေးကို လှမ်းကြည့်တော့ နိအန်းကျောင်းရဲ့ လမ်းတစ်ဖက်ခြမ်းက မက်ဒေါ်လ်နယ် ဆိုင်ရှေ့မှာ ကားတွေ အများကြီး တန်းစီနေကြတာ လှမ်းတွေ့ရပါတယ်။ အဲဒါကတော့ Drive-Thru လို့ခေါ်တဲ့ ကားမောင်းရင်း ဘာဂါ ဝယ်ရတဲ့ နေရာပါ။ မက်ဒေါ်လ်နယ်မှာ လူတွေ ဘာကို ဒီလောက်တောင် သည်းကြီးမည်းကြီး တန်းစီ ဝယ်နေရသလဲ ဆိုတာ ပဟေဠိ ဖြစ်နေ ပါပြီ။ ဒီလိုနဲ့ ပုံမှန် ၄၅ မိနစ်လောက်နဲ့ ရောက်တဲ့ ကျောင်းကို ၁ နာရီခွဲ ၂ နာရီလောက် ဘတ်စ်ကား စီးပြီးမှပဲ ရောက်ခဲ့ ပါတော့တယ်။

ကျောင်းရောက်တော့ နောက်ကျတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အတန်းထဲမှာ ကျွန်တော့်လိုပဲ ကားပိတ်နေတာ ကြုံလို့ နှစ်ယောက် သုံးယောက် နောက်ကျ ကြပါတယ်။ အတန်းထဲ ရောက်မှ အတန်းထဲက စလုံး သူငယ်ချင်းတွေကို မက်ဒေါ်လ်နယ်မှာ ဘာဖြစ်နေသလဲ လို့ မေးကြည့်မိ ပါတယ်။ အဲဒီတော့မှပဲ ဇာတ်ရည်လည်ပါ တော့တယ်။ မက်ဒေါ်လ်နယ်မှာ ဟဲလိုကစ်တီ လို့ ခေါ်တဲ့ ကြောင်ရုပ်ကို တနင်္လာနေ့တိုင်း ရောင်းပါတယ်။ အဲဒီ အရုပ်က တစ်ပတ်ကို တစ်မျိုး မတူအောင် ရောင်းတာမို့ ဝယ်စုတဲ့ သူတွေက သဲကြီးမဲကြီး ဝယ်စုကြတဲ့ အကြောင်း၊ အရုပ်က အကန့်အသတ်နဲ့ ရောင်းတာမို့ မနက်ခင်း အရုပ်ရောင်းရင် မရလိုက်မှာ စိုးလို့ မက်ဒေါ်လ်နယ်ရှေ့မှာ ညအိပ် တန်းစီပြီး စောင့်ကြတဲ့ အကြောင်း သူငယ်ချင်း တစ်ယောက်က ရှင်းပြ ပါတယ်။ မက်ဒေါ်လ်နယ်မှာ တန်းစီဝယ်ရင်း မီးလ် ပါ အပါအဝင် ၁၀ ဒေါ်လာတောင် မကျတဲ့ အရုပ်တစ်ရုပ်ကို အပြင်မှာ ဒေါ်လာ ၅၀ နဲ့ ပြန်ပေးပြီး ဝယ်ကြတဲ့ အကြောင်းလည်း သူငယ်ချင်းက ပြန်ပြောပြပါတယ်။ နောက်တော့ ကျွန်တော့်ရဲ့ စလုံး သူငယ်ချင်းက ရယ်ရယ်မောမောနဲ့ ကရားဆူး ဆိုတာ ဒါပဲကွလို့ ပြောပါတယ်။

ကရားဆူး (Kiasu) ဆိုတာ စင်ကာပူမှာ သုံးတဲ့ ဗန်းစကားပါ။ သူများနောက် ကျန်နေခဲ့မှာကို ကြောက်တာ (afraid to lose) လို့ အဓိပ္ပာယ်ရပါတယ်။မနက်ခင်းမှ လာတန်းစီရင် ရရဲ့သားနဲ့ မရလိုက်မှာစိုးလို့ ညကတည်းက ညအိပ်ပြီး တန်းစီကြတာ ကရားဆူး စိတ်ဓာတ်ကို ပေါ်လွင်အောင် ပြတာပါ။ အဲဒါ အပြင် ကားရှိတဲ့ သူတွေကလည်း သူတို့ မရလိုက်မှာ စိုးလို့ ကားနဲ့ လာတန်းစီ ကြတဲ့အတွက် လမ်းတွေ ပိတ်တဲ့ အထိ ဖြစ်ကုန်ကြတာပါ။ စင်ကာပူမှာ သူ့ထက်ငါ အနိုင်မခံ အရှုံးမပေး ကရားဆူးကြတာ အထူးအဆန်း တော့လည်း မဟုတ်ပါဘူး။ ကလေး ပေါက်စနကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့်ရအောင် ကျောင်းရှေ့မှာ တိုကင်မပေးခင် ၃ ရက်လောက်လိုတဲ့ အချိန်ကတည်းက တဲထိုးပြီး စောင့်ကြမယ်။ တစ်ချို့ မိဘကလည်း ကလေးကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့် ရအောင် ကျောင်းနားနီးတဲ့ အိမ်တစ်အိမ်ကို တစ်လ နှစ်လ ပိုက်ဆံပေးပြီး ငှားမယ် ဆိုတာမျိုးတွေ လုပ်ကြပါတယ်။ အဲဒါအပြင် ကလေးတွေကို မူလတန်း ကျောင်းမတက်ခင် ကတည်းက အပြင်မှာ ကျူရှင်ပေါင်းစုံ ပို့ပြီး သူများ ကလေးထက် သာအောင် မောင်းတတ်ကြ ပါတယ်။

ကောက်ရိုးပုံစောင့်ခွေး ပုံပြင်ထဲကလို ကိုယ်လည်းမယူ သူများကိုလည်း မယူစေချင်တာ၊ လူအမြင် ကတ်စရာ ကောင်းအောင် ချစ်တီးကျပြီး ပေါချောင်ကောင်း နှိုက်ချင်တာ၊ ကိုယ်အဆင်ပြေဖို့ တစ်ခုတည်း အတွက် တခြားသူတွေ အဆင်မပြေ ဖြစ်မှာကို နည်းနည်းမှ ထည့်မတွက်တတ်တာ  စတဲ့ အမူအကျင့် တွေကိုလည်း ကရားဆူးတယ် ခေါ်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းတက်နေတုန်းက ကြုံဖူးတဲ့ အဖြစ်တွေ ရှိပါတယ်။

ကျွန်တော်တို့ ကျောင်းစာကြည့်တိုက်က စင်ကာပူမှာ နည်းပညာ နဲ့ ပတ်သက်တဲ့  စာအုပ်တွေ အစုံဆုံး စာကြည့်တိုက် တစ်ခုပါ။ ဒါပေမယ့် နောက်ဆုံးပေါ် နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ် တစ်ချို့ကို ငှားချင်လို့ ရှာရင် ကွန်ပျူတာ ကက်တလောက် ထဲမှာ ငှားမထားဘူး ဆိုတာ ပြနေပေမယ့် စာအုပ်စင်မှာ သွားရှာရင် မရှိပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေကို အကူအညီ တောင်းပေမယ့် သူတို့လည်း ရှာမတွေ့ ပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေနဲ့ ရင်းနှီးလာတဲ့ အခါမှ သူတို့က ဘာဖြစ်တယ် ဆိုတာကို ပြောပြ ပါတယ်။ စာအုပ်ကို ငှားချင်တဲ့ သူတစ်ချို့က အပြင်ကို ငှားသွားရင် စာရင်းမှာ ငှားသွားတဲ့ အကြောင်း ပြတဲ့ အတွက် တခြားသူက အဲဒီစာအုပ်ကို ရီဆာ့ဗ် လုပ်လို့ ရပါတယ်။ နောက်လူတစ်ယောက် ရီဆာ့ဗ် လုပ်ထားရင် စာအုပ် ရက်ပြည့်သွားတဲ့ အချိန် သက်တမ်း ထပ်တိုးလို့ မရပါဘူး။ ပြန်မအပ်ရင် နောက်ကျတဲ့ ရက်တိုင်း အတွက် ဒဏ်ကြေး ပေးရတဲ့အပြင် တခြား စာအုပ် ထပ်ငှားလို့ မရပါဘူး။ အဲဒီတော့ သူတို့က စာအုပ်ကို အပြင်ကို ငှားမသွားဘဲ စာကြည့်တိုက်ထဲမှာပဲ အဲဒီ ဘာသာရပ်နဲ့ မဆိုင်တဲ့ နေရာက စာအုပ်စင် တစ်စင်မှာ ဖွက်ထားခဲ့ပါတယ်။ နောက်တော့ ဖတ်ချင်တဲ့ အချိန်မှ စာကြည့်တိုက်မှာ လာဖတ်တာပါ။ စာကြည့်တိုက်မှာ စာအုပ်ပေါင်း သောင်းချီ ရှိတာမို့ မဆိုင်တဲ့ စင်မှာ တင်ထားခဲ့ရင် နေရာ မသိတဲ့သူ တစ်ယောက် ပြန်ရှာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တခြားသူလည်း ဖတ်လို့မရ၊ တခြားသူလည်း ငှားလို့မရ၊ သူတစ်ယောက်တည်း ဖတ်လို့ ရအောင် လုပ်ထားတာမို့ အတော့်ကို ဆိုးရွားတဲ့ အမူအကျင့် တစ်မျိုးပါပဲ။

မြို့ထဲက ဖုကော့ လို့ ခေါ်တဲ့ စားသောက်ဆိုင်တန်းတွေမှာ နေ့လည်စာ သွားစားရင်လည်း အဲဒီ ကရားဆူး စိတ်ဓာတ်ကို ပီပီပြင်ပြင် မြင်ရပါတယ်။  စားသောက်ဆိုင်တန်းမှာ နေရာဦးဖို့ အတွက် စားပွဲခုံပေါ်မှာ တစ်ရှူးထုပ် ကလေးတွေ တန်းစီပြီး ချထားတာကို မြင်ရတတ် ပါတယ်။ စားစရာ သွားမဝယ်ခင် လွတ်နေတဲ့ ခုံကို ရှာပြီး တစ်ရှူးထုပ်ချ နေရာဦးတတ် ပါတယ်။ တစ်ရှူးထုပ် အစား ထီးတို့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ ချပြီး နေရာဦးခဲ့ရင် သူများ ခိုးရင် ပါသွားမှာမို့၊ နေရာလည်း ဦးရ၊ ခိုးသွားရင်လည်း တစ်ရှူးထုပ်က ပြားဂဏန်းပဲ တန်တာမို့ ပြဿနာ မရှိ ဆိုတော့ ထပ်ဆင့် ကရားဆူးတဲ့ နည်းပါ။

ဘတ်စ်ကား စီးရင်လည်း ကရားဆူးတဲ့ အမူအကျင့်တွေကို တွေ့ရပါတယ်။ ပြန်ဆင်းတဲ့ အချိန် ဆင်းရ လွယ်အောင် အထဲ မဝင်ဘဲ အပေါက်ဝမှာ ပြုံရပ်နေတာမျိုးပါ။ မြန်မာပြည်လို အလယ်ခေါင်မှာ ဆင်နှစ်ကောင် ဖင်ထောင်ကလို့ ရတယ် ပြောတတ်တဲ့ စပယ်ယာတွေလည်း မရှိ ဒတ်စတော့ အုပ်မယ့် ဒရိုင်ဘာလည်း မရှိတော့ အထဲကို မဝင်ကြပါဘူး။ တစ်ခါတစ်လေ မှတ်တိုင်မှာ ဘတ်စ်ကားပေါ် တက်ချင်တဲ့သူတွေ တစ်အုပ်ကြီး ရှိပေမယ့် အပေါက်ဝက လူတွေက အထဲ မဝင်တော့ ကားပေါ် တက်လို့ မရပါဘူး။ အလယ်ခေါင် ချောင်တဲ့ နေရာကို တိုးပြီး လမ်းပေါက်ကို ဖွင့်မပေးပဲ အပေါက်ဝ မှာပဲ ကားပေါ်တက်မယ့်သူတွေ ရှိနေတာကို မသိချင်ယောင် ဆောင်နေတတ်ကြ ပါတယ်။ အဲဒါအပြင် နှစ်ယောက်ထိုင် ခုံမှာ ဝင်ထိုင် ကြရင်လည်း ပြတင်းပေါက်နား ကပ်မထိုင်ဘဲ ဆင်းလို့လွယ်အောင် လူသွားလမ်းဘေးက ခုံမှာ ကပ်ထိုင်ကြ ပါတယ်။ အားလုံးနီးပါး အဲဒီလို ထိုင်နေကြတော့ နောက်ထပ် ထိုင်ချင်တဲ့သူတွေ အလွယ်တကူ ဝင်ထိုင်မရဘဲ ကသိကအောက် ဖြစ်ရပါတယ်။

ဘတ်စ်ကားစီးတဲ့ သူတွေတင် ကရားဆူးကြတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ကားစီးတဲ့ သူတွေလည်း ကရားဆူးကြပါတယ်။ စင်ကာပူမှာ တော်ရုံတန်ရုံလူ ကိုယ်ပိုင်ကား မစီးနိုင်ပါဘူး။ မြန်မာ မီနီဆလွန်းလို့ ခေါ်ကြတဲ့ ချယ်ရီ ကျူကျူတစ်စင်းတောင် အခုပေါက်ဈေးနဲ့ ဒေါ်လာ ၈ သောင်းကျော် ရှိပါတယ်။ ဒါလည်း တသက်လုံး စီးလို့ ရတာ မဟုတ်ပါဘူး။ ၁၀ နှစ်ပဲ စီးလို့ ရတာပါ။ ကားကို အဆင့်အတန်း တစ်ခု အနေနဲ့ အဲဒီလောက် ဈေးကြီးပေးဝယ်စီး ပေမယ့် ကားနဲ့ ပတ်သက်ရင် ချစ်တီးကျ ကြပြန်ပါတယ်။ စင်ကာပူကနေ မလေးရှားကို သွားတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ဆီတိုင်ကီထဲမှာ  ဆီ ၄ ပုံ ၃ ပုံ မရှိရင် ဒဏ်ရိုက်မယ် ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် မလေးနိုင်ငံသား အင်ဂျင်နီယာ တစ်ယောက်က မလေးရှားမှာ အစိုးရက အထောက်အပံ့ ပေးထားတဲ့ အတွက် ဆီဖိုးက စင်ကာပူ ထက်စာရင် အများကြီး သက်သာတယ်။ အဲဒါကြောင့် မလေးရှားမှာ ဆီလာထည့်ကြလွန်းလို့ အဲဒီလို လုပ်ထားတာလို့ ပြောပြ ပါတယ်။ နောက်ပိုင်းတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရယ်စရာ အဖြစ်တွေ အများကြီး ကြားရ ပါတယ်။

စလုံးတွေ မလေးရှားမှာ ဆီထည့်ရင် ကားထဲကို ဆီ များနိုင်သမျှ များများ ဝင်အောင် ကားကို လှုပ်ကြ ပါတယ်။ စောင်းကြပါတယ်။ ကားကို လှုပ်လိုက်လို့ စောင်းလိုက်လို့ ဆီ ဘယ်လောက် ထပ်ထည့်လို့ ရမလဲတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ပြောပလောက်တဲ့ ပမာဏ မဟုတ်တာတော့ သေချာပါတယ်။ နောက်တော့ အကြံ အဖန်တွေ လုပ်ကြပါတယ်။ ဆီဂေ့ချ်ကို ပြင်ကြတာပါ။ ဆီဂေ့ချ်ပြင်ထားတဲ့ ကားမှာ ခလုတ် အပိုတစ်ခု ပါပါတယ်။ ကပ်စတန် ဖြတ်ခါနီး အဲဒီ ခလုတ်ကို နှိပ်လိုက်ရင်  ဆီဂေ့ချ်က အပြည့်နီးပါး ပြောင်းသွားတာပါ။ နောက်ပြန်ဖြုတ်လိုက်ရင် ပုံမှန် ပြန်ဖြစ်သွားပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီ ဆီဂေ့ချ် ပြင်တာတွေ့ရင် ချက်ချင်း ဖမ်းချုပ်တာမို့ သိပ်မလုပ်ရဲကြ တော့ပါဘူး။

နောက်တစ်ခုက စင်ကာပူမှာ အီးအာရ်ပီ လို့ ခေါ်တဲ့ အီလက်ထရွန်းနစ် လမ်းကြေးကောက်တဲ့ ဂိတ်တံခါးတွေ ရှိပါတယ်။ မြို့ထဲအဝင်လမ်းတွေနဲ့ ဟိုင်းဝေး လမ်းမတွေပေါ်မှာ တပ်ထားလေ့ ရှိပြီး အဲဒီအောက်က ဖြတ်မောင်းသွားတဲ့ ကားတွေကို လမ်းကြေးဖြတ် ပါတယ်။ ပုံမှန်ဆိုရင် ရုံးတက် ရုံးဆင်းချိန်တွေမှာ ကောက်လေ့ ရှိပြီး ညနေဖက် ဆိုရင် ၈ နာရီ ၉ နာရီ အထိ ကောက်လေ့ ရှိပါတယ်။ အီးအာရ်ပီ ဂိတ်က ည ၈ နာရီ ပိတ်တယ် ဆိုရင် ကားအတော်များများက ၈နာရီ မထိုးခင် အီးအာရ်ပီနဲ့ မနီးမဝေးမှာ မယောင်မလည် ရပ်စောင့်နေလေ့ ရှိကြပါတယ်။ ၈ နာရီ ထိုးလို့ ဂိတ်ပိတ်သွားပြီ ဆိုမှ အဲဒီဂိတ်ကို ဖြတ်ကြပါတယ်။ တစ်ခါတော့ ဖေ့စ်ဘွတ်ခ်ထဲ မိတ်ဆွေ တစ်ယောက် ဝေမျှ ထားတဲ့ ပုံတစ်ပုံကို တွေ့လိုက်ရပါတယ်။ အဲဒီပုံမှာ အီးအာရ်ပီ ဂိတ်နဲ့ အဲဒီ အရှေ့မှာ ရပ်စောင့်နေတဲ့ သိန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံကားတစ်စင်းရဲ့ ပုံကို ရိုက်ပြထားပြီး အောက်မှာတော့ "အော်။ ငါ့လို ကားအစုတ် စီးတဲ့သူပဲ ဒီ ၂ ဒေါ်လာ လောက်ကို နှမြော တတ်တယ် မှတ်တာ။ ဒီလို ဇိမ်ခံကား စီးတဲ့ကောင်တွေလည်း ငါ့လိုပါပဲလား။ အတော် ကရားဆူးကြတယ်။" လို့ ရေးထားတာပါ။ သူ့ရဲ့စာကို ဖတ်ပြီး ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်မိ ပါတော့တယ်။

7 comments:

Heartmuseum said...

US မှာလဲ ကရားဆူးတွေ ရှိတယ်။ အံ့သြစရာ ကောင်းတာက အဲလိုလုပ်တဲ့ လူတွေကို general ချကြည့်ရင် တခြားနိုင်ငံမှာ မွေးပြီး ကြီးခဲ့တဲ့လူ များတယ်ဗျ။ ဒီက ကျောင်းတွေမှာ အဲဒီလို အောက်တန်းကျတဲ့ လုပ်ရပ်တွေကို မလုပ်အောင် လုပ်ရမှာ ရှက်အောင် လုပ်တဲ့သူကို အထင်သေးအောင် ကျောင်းတွေမှာ train တော့ ဒီမှာမွေးပြီး ဒီမှာကြီးတဲ့ လူတွေ ဒါမျိုးသိတ် မလုပ်ဖူး။ ဒါတောင် တခါတလေ လမ်းကူးတာ ဇိမ်နဲ့ သေချာ နှေးနှေး လျှောက်တဲ့ ကရားဆူးတွေ တွေ့တယ်။ Asian တွေ၊ Latin America ကလာတဲ့သူတွေ၊ Middle Eastern တွေ အနေများတဲ့ ရပ်ကွက်တွေ ရောက်ခဲ့ရင်တော့ သည်းခံလော့... ငါ့ရှင်......

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာဘဲ
ဗဟုသုတ တစ်ခု တိုးရပြန်ပေါ့..
ကရားဆူးစိတ်ဓာတ်မျိုးတွေလဲ အများကြီးတွေ့ခဲ့ဖူးတာ သတိရလိုက်မိတယ်။

NSA said...

ကရားဆူးဆိုတဲ့ စကားလုံး ခုမှ ကြားဖူးပေမယ့် ကရားဆူးလူတွေ အများကြီး မြင်ဖူးတယ်။

Anonymous said...

ကရားဆူးဆိုတဲ့ စကားလုံး ခုမှ ကြားဖူးပေမယ့် ကရားဆူးလူတွေ အများကြီး မြင်ဖူးတယ်။ It's totally true for me as well.

mabaydar said...

ကိုဇက်တီ ရေးထားတာလေးက အစီအစဉ်ကျနသလို ထိထိမိမိလဲရှိပါတယ်... စလုံးအများစုရဲ့အကျင့်နဲ့ ဒီမှာဖြစ်လေ့ရှိတဲ့အကြောင်းလေးတွေကို မျက်လုံးထဲမြင်အောင်ရေးထားတာကောင်းတယ်... အဲလိုလူမျိုးတွေက နေရာတိုင်းမှာတွေ့ရတယ်ဆိုပေမဲ့ စကာင်္ပူမှာက ပြောရလောက်အောင်များကြတယ်... သူငယ်ချင်းတွေဖတ်ဖို့ ညွှန်းလိုက်ပါအုံးမယ်...

mabaydar said...

အစ်ကိုရေ... ဒီပိုစ့်လေးကို မဗေဒါပိုစ့်မှာ လင်ခ့်လုပ်ထားလို့ လာအကြောင်းကြားတာပါ... စိတ်မဆိုးဘူးဟုတ်?

ZT said...

စိတ်မဆိုးပါဘူး။ ကျေးဇူးတောင် တင်ပါသေးတယ်။ :-)